ဘန်ကောက်သို့ အလုံးအရင်း ပြောင်းရွှေ့နေတဲ့ မြန်မာလူမျိုး အစားအသောက် လုပ်ငန်းရှင်များ

၂၀၂၁ နောက်ပိုင်း ပြင်ပကို ထွက်ခွာသွားတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီနေသလို မြန်မာပြည်က စားသောက်ဆိုင်တွေ အများအပြား ဘန်ကောက်ကို ရွှေ့ကြတာက မကြုံစဖူးအခြေအနေအထိတောင် များပြားလာပါတယ်။

မြန်မာနိုင်ငံမှာ နာမည်ရတဲ့ စားသောက်ဆိုင်ကြီးတွေ ထိုင်းနိုင်ငံဘက်မှာ ဆိုင်လာဖွင့်ကြတာဟာ အလုပ်လုပ်လိုတဲ့ လူတန်းစားတွေ ထိုင်းနိုင်ငံဘက်ကို အုံနဲ့ကျင်းနဲ့ ရွှေ့ပြောင်းနေကြတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်ရတဲ့ အကောင်းဆုံး ပြယုဂ် ဖြစ်ပါတယ်။

၂၀၂၁ နောက်ပိုင်း ၃ နှစ်ကျော်အတွင်း ဘန်ကောက်မြို့လယ်ခေါင်မှာ မြန်မာအစားအစာကို အဓိက ထား ရောင်းချတဲ့ စားသောက်ဆိုင်ကြီးတွေ ၁၅ ဆိုင်ထက်မနည်း ရှိလာခဲ့တာပါ။

လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုမှာ အစားအသောက်လုပ်ငန်းတစ်ခု တည်ထားသူကတော့ “ စီးပွားရေးရဲ့ သဘောကိုက လူမှုပတ်ဝန်းကျင်တည်ငြိမ်တဲ့နေရာကိုပဲရွေးရမှာ။ မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတောင် ပြန်ထွက်နေတာ ကျွန်တော်တို့က ဘာလို့ ငွေထပ်သုံးပြီး စီးပွားရေးလုပ်မလဲ” ဆိုပြီး မေးခွန်းထုတ်ပါတယ်။

တဖက်မှာလည်း မြန်မာအစားအစာရောင်းချတဲ့ ဆိုင်တွေအပြင် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ လုပ်ငန်းခွဲယူထားတဲ့ ကိုရီးယားနဲ့ တရုတ် အစားအစာတွေရောင်းတဲ့ စာသောက်ဆိုင်ကြီးတွေကိုပါ ဘန်ကောက်ကို ရောက်နေကြတာပါ။

မြန်မာအစားအသောက်တွေတင်မကဘဲ ထိုင်းနိုင်ငံလို ပြည်တွင်းဘီယာအမှတ်တံဆိပ်တွေအားကောင်းတဲ့နိုင်ငံမှာ မြန်မာနိုင်ငံကနေ ဘီယာဆိုင်လာဖွင့်နေသူတွေလည်း ရှိပါတယ်။

ဘန်ကောက်မြို့ပေါ်မှာ အလယ်အလတ် စားသောက်ဆိုင် တဆိုင်ဖွင့်မယ်ဆိုရင် အနည်းဆုံး ဘတ် ၁ သန်းခွဲကနေ ၂ သန်းကြား (မြန်မာငွေ သိန်း ၃၀၀၀) ဝန်းကျင် ကုန်ကျမှာဖြစ်လို့ ရန်ကုန်က လုပ်ငန်းရှင်တွေ ထိုင်းကို ပြောင်းကုန်တဲ့ အရွှေ့တစ်ခုနောက်မှာ သန်းချီတန်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ကပ်ပါနေတာပဲဖြစ်ပါတယ်။