တိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် တာချီလိတ်မြို့ ရေကြီးနစ်မြုပ်မှု အခြေအနေ

တိုင်ဖွန်းမုန်တိုင်း”ရာဂိ”အရှိန်ကြောင့်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်း၍ မယ်ဆိုင်ချောင်းရေမြင့်တက်ကာ ထိုင်း- မြန်မာနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်တို့ရှိ ရပ်ကွက်များအတွင်း ရေကြီးနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိသည်။

မိုးသည်းပြီး တောင်ကျချောင်းရေ ကျလာတာကြောင် တာချီလိတ်နဲ့ မယ်ဆိုင်မြို့ကို ဆက်ထားတဲ့ ချစ်ကြည်ရေးတံတားကိုတောင် ရေကျော်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ မိုးလေဝသဌာနကတော့ ရှမ်းအရှေ့မှာ မနက်ဖြန်အထိ မိုးသည်းနိုင်တယ်လို့ ဒီကနေ့ ညပိုင်းမှာပဲ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ မြေနိမ့်ပိုင်း ရေကြီးရပ်ကွက်တွေမှာ မြို့ခံကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်နေသလို ရေကြီးမှုကို သဲအိတ်ကာပြီး ဟန့်တားမှုတွေ လုပ်နေကြပါတယ်။

တာချီလိတ်မြို့ထဲက တာလေ့ာ၊ ပုန်းထွန်း၊ မကာဟိုခမ်း၊ မယ်ခေါင်၊ ဆန်ဆိုင်း (က)နဲ့ (ခ) ရပ်ကွက်တွေမှာ မနေ့ စက်တင်ဘာလ နေ့လယ်ပိုင်းကတည်းက စတင်ရေဝင်နေတာဖြစ်ပြီး ဒီနေ့မှာတော့ ရေကြီးရေလျှံမှု ပိုကြီးလာတာလို့ မြို့ခံတွေ ဆီကနေ သိရပါတယ်။

ဒေသတွင်းသတင်းတွေနဲ့ လူမှုကူညီရေးအသင်းတွေကတော့ မယ်ဆိုင်ချောင်းရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ပြီး ၅၀၈ စင်တီမီတာအထိရောက်နေတယ်လို့ ပြောထားပါတယ်။