တာချီလိတ်၊ ကျိုင်းတုံ၊ တပ်ကုန်မြို့တွေ အပါအဝင် နိုင်ငံတဝန်း မြို့ကြီး ၇ မြို့ထက်မနည်း ရေကြီးကာ အကူအညီ လိုအပ်နေ

တာချီလိတ်နဲ့ ကျိုင်းတုံ၊ တပ်ကုန်းမြို့တွေအပါအဝင် နိုင်ငံတဝန်း မြို့ကြီး ၇ မြို့ထက်မနည်းမှာ ရေကြီးနေပါတယ်။
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တစ်ခုလုံး အဆိုးရွားဆုံးရေကြီးမှုကို ရင်ဆိုင်နေရကာ အချိန်တိုအတွင်း ရေက အရှိန်မြင့်ထိုးတက်လာတာကြောင့် ရှောင်တိမ်းချိန်မရတဲ့အထိဖြစ်ကြရသလို နေအိမ်အများစုလည်း ရေမြုပ်ပါသွားတာ လူပျောက်တာတွေလည်းရှိနေပါတယ်။
“ မိုးလင်းထဲက တပ်ကုန်းမှာရေစကြီးတာ ငလိုက်ဆည်ဘက်ကလာတဲ့ တောင်ကျချောင်းတက်ပြီး ရေကြီးတာ။ ၁၀ ပေ ကျော်လောက်အထိတက်တယ်။ တချို့အိမ်တွေမြုပ်တယ်။ မခံနိုင်တဲ့အိမ် တွေက မျောသွားတဲ့အထိဆိုးတယ်” လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
အရပ်ဘက်မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကတော့ နေပြည်တော်နဲ့ ဆက်စပ်နေတဲ့ ပဲခူးရိုးမထဲမှာရှိတဲ့ စစ်တောင်းမြစ်ရေဟာ လာမယ့် စက်တင်ဘာ ၁၃ ရက် ရောက်ရင် တောင်ငူမြို့ရဲ့ အထက်နဲ့အောက်ဘက်တွေမှာ မြင့်တက်နေမှာဖြစ်ပြီး ကြောက်စရာ အကောင်းဆုံးအခြေအနေဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။
နိုင်ငံအထက်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းဆတ်မြို့တွေနဲ့ အလယ်ပိုင်း က မန္တလေးတိုင်း ကျောက်ဆည်မြို့တွေ မှာလည်း ရေကြီးနေပါတယ်။
အလားတူ ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မနေ့က စက်တင်ဘာလ ၁၀ ရက်နေ့ ကတည်းက မယ်ဆိုင် ချောင်းရေလျှံလို့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးတယ်လို့ မြို့ခံ လူမှုကူညီရေးအသင်းတွေက ပြောပါ တယ်။
ဒါအပြင် ထိုင်း-မြန်မာနယ်စပ်က နောက်တစ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မှာလည်း အဆိုးရွားဆုံးရေးကြီးနေတာဖြစ်ပါတယ်။