နိုင်ငံအဝန်း မြို့ကြီးများစွာ ရေဘေးခံနေရချိန် ရန်ကုန်အတွက် သတိပေးချက်ပါ ထွက်လာပါပြီ
ရန်ကုန်မြစ်ရေ တိုးလာနိုင်ပြီး ထူးကဲဒီရေတက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကထုတ်ပြန်ထားပြီး ရန်ကုန်မြို့ခံများ ရေကြီးမှုဘေးကြိုတင်သတိပြုကြရန် မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးလာသည်။
စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း မိုးရွာသွန်းမှုများပြီး ရန်ကုန်မြို့ရှိ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့ ရေများလာနိုင်ကာ မြစ်ချောင်းများနှင့်နီးသည့်အနိမ့်ပိုင်းရပ်ကွက်များ ကြိုတင်သတိပြုကြရန်မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က ပြောသည်။
မြန်မာနိုင်ငံတဝှမ်းလုံးတွင် စက်တင်ဘာလဒုတိယအပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းနေပြီး နိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများ ရေကြီးမှု ဆိုးဝါးစွာကြုံတွေ့နေရသည်။ ယာဂီ(Yagi) တိုင်ဖွန်းမုန်တိုင်း၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် ဖြစ်ပေါ်လာသည့် လေပွေလှိုင်းများ မြန်မာနိုင်ငံကို ဖြတ်ကျော်နေ၍ မိုးသည်းထန်စွာရွာသွန်းနေခြင်း ဖြစ်သည်။
ထို့အပြင် လက်ရှိတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့်မဒေါက်မြို့၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့တို့တွင် စိုးရိမ်ရေမှတ်အထက်သို့ အသီးသီး ကျော်လွန်ရောက်ရှိနေ၍ ရေဘေးသတိပြုနေထိုင်ကြရန် မိုးဇလဌာနက ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်အချို့မှ ဒေသခံပြည်သူများ ရေဘေးကြုံတွေ့နေသည်။ ရေကြီးနစ်မြုပ်နေသည့် ဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဒေသခံများသည် အခက်အခဲများစွာရင်ဆိုင်နေရသည်။
ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအသင်းများက ကူညီနေသော်လည်း ဘေးသင့်ဧရိယာကျယ်ပြန့်သည့်အတွက် အကူအညီများ နှောင့်နှေးနေကာ လုံလောက်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။