ပြည်နယ်အချို့နဲ့ တိုင်ဒေသအချို့မှာ ၄၈ နာရီအတွင်း မိုးကြီးနိုင်ကြောင်း မိုးဇလ သတိပေး
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဟာ ပိုမိုအားကောင်းလာနေပြီး လေဖိအားနည်းရပ်ဝန်းကနေ နောက် ၂ ရက်အတွင်း မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်နဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ ဆက်လက်အားကောင်းနေတာကြောင့် ယနေ့နံနက်မှ စက်တင်ဘာ ၁၅ ရက်နေ့အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာအနှံ့ မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်နဲ့ မွန် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးသည်းတာနဲ့အတူ လေပြင်းတိုက်တာတွေပါ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။
မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတမ်းတလျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်း တစ်ခါတရံ မိုးသက်လေပြင်းတွေကျပြီး လှိုင်းကြီးနိုင်တယ်လို့လည်း သိရပါတယ်။
လေဖိအားနည်းရပ်ဝန်းကြောင့် မိုးသည်းတာ၊ လေပြင်းတိုက်တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကြိုသတိထားဖို့ကိုလည်း မိုးဇလက အသိပေးထားပါတယ်။
