ထိုင်းဆေးရုံကြီးမှာ ထိုင်းကလေးနှင့် မြန်မာကလေး မှားယွင်းမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ဆေးရုံကြီး၌ မွေးကင်းစ ထိုင်းကလေးငယ်နှင့် မြန်မာကလေးငယ်တို့အား ဆေးရုံမှမှားယွင်းပေးအပ်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် မဟာချိုင်မြို့ Krathumbaen ဆေးရုံရှိ အရေးပေါ်ခန်း (ICU) ၌ တက်ရောက်ကုသနေသော ထိုင်းကလေးငယ်၌ မျက်ခုံး မွှေးပါမလာသည်ကို ဖခင်က သတိထားမိရာမှ ကလေးမှားနေသည်ဟု သိရှိခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ကလေးမှားယွင်းစွာအပ်နှံခဲ့မှုနှင့်ပတ်သက်၍ စက်တင်ဘာ ၁၆ ရက်တွင် စမွတ်ဆာခွန်ခရိုင် ပြည်သူ့ကျန်းမာရေးဌာနနှင့် Krathumbaen ဆေးရုံကြီးမှ ၎င်းတို့အမှားအတွက်ဝန်ခံခဲ့ပြီး မိဘများထံ တရားဝင်တောင်းပန်ကာဖြစ်စဉ်အပေါ် တာဝန်ယူပေးမည်ဟု ကြေညာခဲ့သည်။

ထိုင်းမိသားစုက ဩဂုတ် ၁၁ ရက်တွင် မွေးခဲ့သည့် သမီးဖြစ်သူအား အသက်ရှုမြန်နေသဖြင့် အထူးကုသရေးအခန်း (ICU) သို့ ပြောင်းရွှေ့ကုသခဲ့ရပြီး ဩဂုတ် ၁၈ ရက်တွင် ဆေးကုသမှုပြီး၍ အိမ်သို့ ပြန်လည်ခေါ်ဆောင်လာချိန်တွင် ကလေးမျက်နှာပုံစံပြောင်းလဲသွားသည်ကို သတိထားမိခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ဆိုသည်။

ထို့နောက် DNA စစ်ဆေးမှုများပြုလုပ်ခဲ့ကာ ကလေးငယ်များကို သက် ဆိုင်ရာ မိဘများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သလို ကလေးမှား ယွင်းမှုအတွက် ဆေးကုသစရိတ် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

ကလေးရဲ့ ဖခင်က ဒီဖြစ်ရပ်အတွက် ဆေးရုံထံက နစ်နာကြေး ဘတ် ၂၀၀,၀၀၀ ရလိုကြောင်း တောင်းဆိုထားသည်။ သူက အဲဒီငွေကို မြန်မာ မိသားစုနဲ့ ခွဲဝေယူမယ်လို့ ဆိုသည်။

လျော်ကြေးအတွက်၂ ပတ် စောင့်ဆိုင်းပေးကြရန် မေတ္တာရပ်ခံထားပြီး ကလေးငယ်များ၏ ရေရှည်ပြုစုကုသမှုများ တာဝန်ယူပေးမည်ဖြစ်ကြောင်း ဆေးရုံဘက်က ပြောကြားထားသည်။