ရေဘေးသင့် မြန်မာလူထုကို အကူအညီပေးမယ်လို့ အာဆီယံ ပြင်ပနိုင်ငံ ၂ ခု တရားဝင် ကြေညာ
တိုင်ဖွန်းမုန်တိုင်း ရာဂိ (Yagi) နောက်ဆက်တွဲအခြေအနေကြောင့် မြန်မာမှာဖြစ်ပွားတဲ့ ရေကြီးမှုတွေနဲ့ နိုင်ငံတဝန်းက ပျက်စီးမှုတွေကို အကူအညီပေးနိုင်ဖို့ ရန်ပုံငွေ ရရှိမှု လျော့နည်းနေတယ်လို့ ကုလသမဂ္ဂက စက်တင်ဘာလ ၁၆ ရက်မှာ ပြောဆိုထားပါတယ်။
ဒီကနေ့မှာတော့ မုန်တိုင်းနောက်ဆက်တွဲဒဏ်ကိုခံခဲ့ရတဲ့ မြန်မာက ရေကြီးမှုအတွက် တောင်ကိုရီးယားနဲ့ အိန္ဒိယ က ငွေကြေးနဲ့ ပြန်လည်ထူထောင်ရေးသုံးပစ္စည်းတွေ ထောက်ပံ့ပေးမယ့်အကြောင်း သက်ဆိုင်ရာသံရုံးတွေနဲ့ ပြောခွင့်ရသူတွေက ထုတ်ပြန်ပြောဆိုလာပါတယ်။
လူပေါင်းရာနဲ့ချီသေဆုံးခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေအတွက် စာနာမှုအကူအညီ အဖြစ် အမေရိကန်ဒေါ်လာ ၁၃ သန်း ထောက်ပံ့ပေးမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံရုံးကပြောပါတယ်။
တချိန်တည်းမှာပဲ အိန္ဒိယအစိုးရကလည်း မြန်မာ ရေးဘေးသင့်သူတွေအတွက်ရိက္ခာခြောက်၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ အပါအ၀င် ပြန်လည်ထူထောင်ရေးအတွက် အထောက်အပံ့တန်ချိန် ၁၀ တန်ကို ပေးအပ်မယ်လို့ပြောထားပါတယ်။
မြန်မာအတွက် ဒီရေဘေး အကူအညီကို နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေအောက်မှာရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
