စက်တင်ဘာလ ၂၀ ရက်ကစလို့ ၃ ရက်တာ မိုးရွာကာ မိုးကြီး မြေပြိုမှု ဖြစ်နိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက်
ဗီယက်နမ်ကမ်းခြေကို ထပ်မံ ဝင်ရောက်လာမယ့် လေဖိအားနည်းရပ်ဝန်းဟာ အပူပိုင်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပေမဲ့ တိုင်ဖွန်းမုန်တိုင်း ဖြစ်လာဖွယ် မရှိတော့ပါဘူး။
ဒါပေမယ့် ထိုက်သင့်သလောက် မိုးများဦးမှာဖြစ်ကာ စက်တင်ဘာလ ၂၀ ရက်ကနေ ၂၃ ရက်ထိ ၃ ရက်တာ မိုးရွာမယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ဖော်ပြလာပါတယ်။
မြန်မာပြည်ကို လေပွေလှိုင်းဖြတ်သန်းစဉ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ လေပွေလှိုင်းအရှိန်ကြောင့် ရွာသွန်းနိုင်မဲ့ မိုးအားကလျော့သွားပြီး ပဲခူးတိုင်း အရှေ့ခြမ်း+အနောက်ခြမ်း၊ ပဲခူးရိုးမတကြောနဲ့ နေပြည်တော်၊ မကွေးတိုင်းဒေသတွေမှာ မိုးသည်းထန်နိုင်ပါတယ်။
အရင်ရေကြီးထားပြီးတဲ့ နေပြည်တော်အထက် တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်စတဲ့ ဒေသတွေမှာ မြေတွေ စိုအိနေဆဲဖြစ်တာကြောင့် တောင်ပြိုမြေပြိုနိုင်မှာ၊ တောင်ကျချောင်းရေဆင်းလာနိုင်မှာတွေကို သတိထားကြဘို့တော့ လိုပါမယ်၊ ရေတွေ ပြန်ကြီးလောက်အောင်တော့ မိုးမများနိုင်ဘူးလို့ ခန့်မှန်းရပါတယ်။
နောက်ထပ်စိုးရိမ်ရမှာက ပဲခူးရိုးမတေလျှောက် အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းက မြို့တွေပါ။ ပဲခူးရိုးမပေါ် မိုးကြီးတဲ့အခါ ဆင်းလာနိုင်မဲ့တောင်ကျရေတွေနဲ့ သိုလှောင်ရေမှတ်အထိပြည့်နေပြီးတဲ့ ဆည်တွေ တမံတွေ သတိထားကြရပါမယ်။
ရခိုင်ပြည်နယ်ကတော့ လေပွေလှိုင်းအပြင် ပြန်လည်အားကောင်းလာနိုင်မဲ့ လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းငယ်အဆင့်တွေကြောင့် မိုးများရုံတင်မက တနာရီ မိုင် ၃၀ အထက်အထိ လေပြင်းတိုက်ခတ်တာပါခံရမဲ့ အခြေအနေပါဖြစ်လာနိုင်ပါမယ်။
ဆက်လက်စောင့်ကြည့်ပြီး ထူးခြားတဲ့ ပြောင်းလဲမှုရှိရင်တော့ ဆက်လက်တင်ပြပေးသွားပါဦးမယ်။
