အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမယ်လို့ ဗဟိုဘဏ် ကြေညာ

စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဆီတန်းစီတဲ့ ယာဉ်တန်းတွေ ပြန်လည်တွေ့မြင်လာရပြီးနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေထံ အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ရောင်းချပေးမယ်လို့ ဒီကနေ့မှာပဲ ကြေညာလာပါတယ်။

ဗဟိုဘဏ်အပါအဝင် AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) ကနေ ရောင်းချပေးမှာဖြစ်ပြီး သတ်မှတ်ငွေလဲနှုန်းပမာဏကိုတော့ သီးခြားဖော်ပြမထားတာကို ထုတ်ပြန်ချက်အရ သိရပါတယ်။

ယခုရက်ပိုင်း စက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းအပြောင်းအလဲမရှိပေမယ့် ဆီပြတ်လပ်မှုဖြစ်ပေါ်ပြီး အရောင်းဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းနေတဲ့ ယာဉ်တန်းတွေကို လူမြင်ကွင်းမှာ မကြာခဏ တွေ့မြင်နေရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အရောင်းဆိုင်အများစုမှာ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ယခုရက်ပိုင်းမှာလည်း အရောင်းဆိုင်အချို့ ပိတ်ထားတာကိုလည်း အငှားယာဉ်မောင်းတချို့က ပြောပြပါတယ်။

စက်သုံးဆီအပါအဝင် ပြည်ပကနေ တင်သွင်းနေရတဲ့ ကုန်စည်တွေ တင်သွင်းရာမှာ သွင်းကုန်လိုင်စင်နဲ့အတူ ပို့ကုန်ရငွေ (Export Earning) တင်ပြနိုင်မှသာ တင်သွင်းခွင့်ပြုမယ်လို့ FESC က အသိပေးထားပါတယ်။

ဒါကလည်း စက်သုံးဆီပြတ်လပ်မှု ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပြီး ယခုနှစ်အတွင်းမှာဆိုရင် ဆီပြတ်လပ်မှုနဲ့ ဈေးနှုန်းကြီးမြင့်မှုက ၄ ကြိမ်ထက်မနည်း ရှိလာနေပါတယ်။

PPRD ရဲ့ ဖော်ပြချက်အရ ရန်ကုန်အထိုင် ဓာတ်ဆီ 92 Ron က တစ်လီတာ ၃၀၆၀ ကျပ်၊ 95 Ron က တစ်လီတာ ၃၂၁၅ ကျပ်၊ ရိုးရိုးဒီဇယ်က တစ်လီတာ ၂၅၇၅ ကျပ်၊ ပရီမီယံဒီဇယ်က တစ်လီတာ ၃၂၃၅ ကျပ် ဈေးသတ်မှတ်ထားပါတယ်။