ရန်ကုန်လေဆိပ်တွင် အိုင်းဖုန်းအသစ် ဝယ်လာသူတွေအား အခွန်ကောက်ခံ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အိုင်ဖုန်း အသစ် သယ်ဆောင်လာသူတွေအား အခွန်အဖြစ် ငွေကျပ် ၉၀၀,၀၀၀ နှင့်အထက် ပစ္စည်း တန်ဖိုးအလိုက် အခွန်ငွေကောက်ခံနေသည်။

ယင်းသို့ ပိုက်ဆံတောင်းခံခြင်းကို လဝက သို့မဟုတ် အခွန်ဌာန စသည်ဖြင့် မည်သည့်ဌာနက လုပ်ဆောင်သည်ကိုမူ အတိအကျမသိရသေးပေ။

အကောက်ခွန်ဦးစီးဌာန၏ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ ရောက်ရှိလာသည့် ခရီးသည်များအပေါ် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ သတ်မှတ်ချက်တွင် ခရီးသည်၏ ကိုယ်သုံးဝန်စည်မဟုတ်သည့် ဒေါ်လာ ၅၀၀ အထက် ပစ္စည်းများအား အခွန်အဖြစ် ကောက်ခံနိုင်သည်။

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်လာသူများအနက် အထူးသဖြင့် အိုင်းဖုန်း ၁၆ စီးရီးများ သယ်ဆောင်လာသူများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးမေးမြန်းကာ သုံးလုံးနှင့်အထက် သယ်ဆောင်လာသူများအား အခွန်အဖြစ် ကောက်ခံနေခြင်းဖြစ်သည်။

“လူတယောက်က ပုံမှန် တစ်လုံးနှစ်လုံး ကိုင်ကြတယ်လေ။ အဲ့လိုမျိုးက ပြဿနာမရှိဘူး။ အဲ့ထက်များရင်တော့ သယ်လို့မရဘူး။ သူက တင်သွင်းတဲ့ ပုံစံမျိုးသွားတာ။ အခွန်ဆောင်ရတော့မယ်။ သူ့မှာလည်း အမျိုးမျိုး ရှိသေးတယ်” ဟု အခွန်လုပ်ငန်းများအား ဝန်ဆောင်မှုပေးနေသူတဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့၌ အိုင်ဖုန်း ၁၆ စီးရီးများအား စတင် ဝယ်ယူနိုင်ပြီဖြစ်ရာ မြန်မာနိုင်ငံမှ အိုင်ဖုန်းဝယ်ယူသူနှင့် ဖုန်းဆိုင်အရောင်းကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၌ အိုင်ဖုန်းများ လာရောက်ဝယ်ယူမှုများစွာ ရှိသည်။

အိုင်ဖုန်း ၁၆ စီးရီးတွင် အနိမ့်ဆုံး ဒေါ်လာ ၇၉၉ မှ ၁,၁၉၉ ဒေါ်လာအထိ ဈေးနှုန်းရှိသည်။ ယင်းအိုင်ဖုန်းများအား မြန်မာနိုင်ငံသို့ လေဆိပ်မှတဆင့် သယ်ဆောင်ရာတွင် အခွန်အဖြစ် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။