ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ မြန်မာတွေကို ဆန္ဒပြခဲ့တဲ့ ထိုင်လူမျိုးများ

ထိုင်းလူမျိုးတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးရှေ့မှာ ထိုင်းအမျိုးချစ်အဖွဲ့တချို့ က ဒီနေ့ မွန်းလွဲပိုင်းမှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

အဲဒီမတိုင်ခင်တုန်းကတော့ လုံခြုံ‌ရေးအတွက် မစိုးရိမ်ဘဲ ဆန္ဒဖော်ထုတ်ပွဲကိုလာရောက်ဝန်းရံကြဖို့ အဲဒီပွဲ ဦးဆောင်သူ ထိုင်းအမျိုးသားတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက် TikTok မှာ ဆော်သြခဲ့ပါတယ်။

ထိုင်းနိုင်ငံထဲမှာ ထိုင်းရောက် မြန်မာတွေကြောင့်ဖြစ်တဲ့ပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ အမျိုးသားလုံခြုံရေးအတွက် မြန်မာသံအမတ်သိအောင် ဆန္ဒဖော်ထုတ်မယ်လို့ သူက ဆော်သြပါတယ်။

ဒါပေမဲ့ မြန်မာသံရုံးရှေ့က ဒီနေ့ ဆန္ဒပြပွဲကိုတော့ အဲဒီဆော်သြသူအမျိုးသားအပါအဝင် သက်ကြီးပိုင်း ထိုင်းနိုင်ငံသား ဆယ်ဂဏန်းလောက်ပဲ စုဝေးပါဝင်တာတွေ့ခဲ့ရပါတယ်။ သံရုံးရှေ့ ဆန္ဒဖော်ထုတ်မှုမတိုင်ခင် ထိုင်းစံတော်ချိန် နေ့လည် ၁၂ နာရီကနေ မွန်းလွဲ ၂ နာရီကျော်အထိ မြန်မာသံရုံးလည်း ပိတ်ခဲ့ပါတယ်။

ဆန္ဒဖော်ထုတ်တဲ့ အသံချဲ့စက်ကားတစ်စီးပေါ် မှာတော့ ဘုရင်နဲ့တော်ဝင်မိသားစုကို ဝေဖန်ရင် အရေးယူခံရနိုင်တဲ့ပုဒ်မ ၁၁၂ ထိုင်းနိုင်ငံထဲမှာရှိတာကိုလည်း သတိပြုကြဖို့ အဓိပ္ပါယ်ဆောင်တဲ့ စာတန်းတစ်ခုကိုလည်း ကပ်ထားတာတွေ့ရပါတယ်။

ဒီဆန္ဒထုတ်ဖော်မှုတွေမတိုင်ခင်ပြီးခဲ့တဲ့ အပတ်ကတော့ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရ က တင်းကျပ်စွာကိုင်တွယ်ဖို့ဆိုတဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတချို့ရဲ့ အချက် ၈ ချက်ပါ တောင်းဆိုချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပါတယ်။

ဒါအပြင် ထိုင်းအမတ်တချို့ကလည်း ထိုင်းလူမျိုးအဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်တွေကို လွှတ်တော်တွင်း ကနေ အစိုးရကို မေးခွန်းထုတ်တာတွေရှိခဲ့တာဖြစ်ပါတယ်။