ထိုင်းမှာ မြန်မာနိုင်ငံသားများ ကွန်ဒိုဝယ်ယူမှု တဟုန်ထိုးမြင့်တက်

ထိုင်းနိုင်ငံ အိမ်ရာဈေးကွက်မှာ မြန်မာနိုင်ငံသားတွေ ကွန်ဒိုဝယ်ယူတဲ့ ၂၀၂၄ ပထမနှစ်ဝက်စာ တန်ဖိုးက ၂၀၂၃ ခုနှစ်တုန်းက ဝယ်ယူမှုထက် ကျော်လွန်ပြီး စံချိန်တင်ပမာဏဖြစ်နေပြီလို့ ထိုင်း အိမ်ခြံမြေသတင်းဌာန (REIC) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ပထမ ၆ လအတွင်းမှာပဲ ထိုင်းဘတ်ငွေ ၃ ဒသမ ၂၄ ဘီလျံတန်ဖိုးရှိတဲ့ ကွန်ဒိုအခန်းပေါင်း ၆၃၈ ခန်းကို မြန်မာက ပိုင်ရှင်တွေထံ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးအတွက် မြန်မာနိုင်ငံသား ကွန်ဒိုဝယ်ယူမှုတန်ဖိုးက ထိုင်းဘတ်ငွေ ၃ ဒသမ ၇ ဘီလျံတန်ဖိုးရှိခဲ့တယ်လို့ အစီရင်ခံစာက ပြောပါတယ်။

၂၀၂၂ ခုနှစ် မြန်မာနိုင်ငံသားတွေ ထိုင်းကွန်ဒိုဝယ်ယူမှုတန်ဖိုးက ဘတ် ၂ ဒသမ ၅၅ ဘီလျံရှိခဲ့ပြီး နှစ်တိုင်းမှာ မြင့်တက်လာနေတာ ဖြစ်ပါတယ်။

ဒီ ၃ နှစ်အတွင်း ထိုင်းမှာ မြန်မာနိုင်ငံသား ကွန်ဒိုအခန်း ဝယ်ယူမှုဟာ အခန်းပေါင်း ၁၅၅၁ ခန်း ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။

REIC ၏ အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Vichai Viratkapan က “ကွန်ဒိုလွှဲပြောင်းဝယ်ယူတဲ့ နိုင်ငံခြားသားတွေထဲမှာ မြန်မာလူမျိုးတွေဟာ ၂၀၂၂ ကစပြီး ပထမဆုံးအကြိမ် ထိပ်ပိုင်း ၁၀ နိုင်ငံထဲ ပါဝင်လာခဲ့တာပါ။ အရင်နှစ်တွေတုန်းကဆို တနှစ်မှ ကွန်ဒိုတိုက်ခန်း ၂၀ ကနေ ၅၀ အတွင်းသာ ရှိခဲ့တာပါ” ဟု ပြောပြခဲ့ပါတယ်။