မြန်မာ့စီးပွားရေးဘဏ် အတိုးနှုန်းများ ပြင်ဆင်သတ်မှတ်
စက်တင်ဘာ ၁ ရက်ကစပြီး ပြင်ဆင်လိုက်တဲ့ အတိုးနှုန်းတွေကို မြန်မာ့စီးပွားရေးဘဏ်က ကြေညာလိုက်ပြီဖြစ်ပါတယ်။
ငွေစုဘဏ်အပ်ငွေအတွက် အတိုးနှုန်း ၉ ရာခိုင်နှုန်း၊ ငွေစုလက်မှတ်အပ်ငွေအတွက် ၁၀ ရာခိုင်နှုန်းနဲ့ စာရင်းသေအပ်ငွေအတွက် တနှစ်အပ်ငွေအတိုးနှုန်း ၁၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးထားပါတယ်။
ဩဂုတ် ၁၄ ရက်မှာ ဗဟိုဘဏ်က အတိုးနှုန်းကို ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်လိုက်ပြီးနောက် ဘဏ်တွေအနေနဲ့လည်း အပ်ငွေအပေါ်ပေးရမယ့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်းနဲ့ ချေးငွေအားလုံးအတွက် ကောက်ခံနိုင်တဲ့ အများဆုံး အတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်း ပုဂ္ဂလိကဘဏ်တွေအပြင် နိုင်ငံပိုင် ဘဏ်တွေပါ အတိုးနှုန်းတွေ တိုးမြှင့် သတ်မှတ်လာကြရာ မြန်မာ့စီးပွားရေးဘဏ်ကလည်း အခုလို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
ပြည်တွင်းက သုံးစွဲသူများတဲ့ ကမ္ဘောဇဘဏ်၊ CB ဘဏ်နဲ့ ဧရာဝတီဘဏ်တွေကတော့ အတိုးနှုန်းကို ၁၀ ရာခိုင်နှုန်းထိ ပြင်ဆင်တိုးမြှင့်လိုက်ကြောင်း ကြေညာထားပါတယ်။