ခရီးသွားတွေ Boeing လေယာဉ်ကို ရှောင်လာကြခြင်း နောက်ကွယ်က အကြောင်းရင်း

အမေရိကန်မှာ ဒီနှစ်နွေရာသီကာလအတွင်း ခရီးသွားများက safety ပိုင်းအားနည်းတဲ့အကြောင်းပြချက်နဲ့ Boeing လေယာဉ်တွေကို ရှောင်လာကြတယ်လို့သိရပါတယ်။ လေယာဉ်လက်မှတ်မဝယ်ခင် လေယာဉ်အမျိုးအစားကို အရင်ရှာပြီးမှ ဝယ်ကြတဲ့သူတွေများပြားလာပါတယ်။

ကယ်လီဖိုးနီးယားအခြေစိုက် ခရီးသွားကုမ္ပဏီတည်ထောင်သူ Aaron Sutherland ရဲ့ပြောကြားချက်အရ နောက်ပိုင်းလတွေအတွင်းမှာ ခရီးသွား ၅၀ ရာခိုင်နှုန်းလောက်က ပြည်တွင်းနှင့်ပြည်ပခရီးစဉ်နှစ်မျိုးလုံးအတွက် Boeing လေယာဉ်တွေကိုရှောင်ဖို့တောင်းဆိုလာကြပါတယ်။

အထူးသဖြင့် Boeing 737 Max လေယာဉ်အမျိုးအစားတွေပါ။ အချို့ခရီးသွားတွေဆို Boeing လေယာဉ်ဆိုရင် (အထူးသဖြင့် B737 Max ဆိုရင်) travel plan ကိုပြောင်းပေးဖို့အထိ တောင်းဆိုမှုတွေပါရှိပါတယ်။

Boeing 737 Max လေယာဉ်တွေကို ၂၀၁၇ မှာစတင်ပြေးဆွဲခဲ့ပြီး သိပ်မကြာခင် ၂၀၁၈ ခုနှစ်အင်ဒိုနီးရှားမှာ Lion Air ရဲ့ Flight 610 နှင့် ၂၀၁၉ ခုနှစ် Ethiopian Airlines ရဲ့ Flight 302 တွေက ဆိုးဆိုးရွားရွားပျက်ကျခဲ့ပါတယ်။ ဒီ Boeing 737 Max 8 လေယာဉ်တွေက ပျံတက်ပြီး ၆ မိနစ်နှင့် ၁၃ မိနစ်အကြာမှာဘဲပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါ လူအားလုံးအသက်ဆုံးခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကလည်း Alaska Airlines ရဲ့ Boeing 737 Max 9 လေယာဉ်က အမြင့်ပေ ၁၆၀၀၀ မှာလေယာဉ်တံခါးပွင့်တဲ့ကိစ္စအပြီး ဒီလေယာဉ်တွေကိုစီးရမှာ ပိုမိုကြောက်ရွံ့လာကြပါတယ်။

Boeing ကုမ္ပဏီကပြီးခဲ့တဲ့ ၂ လဆက်တိုက် လေယာဉ် ၄ စီးစီအမှာစာတွေလက်ခံရရှိခဲ့ပါတယ်။ ဒီထဲမှာသူတို့ရဲ့‌ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ Boeing 737 Max တွေမပါဝင်ပါဘူး။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်မှာ လေယာဉ်နဲ့ခရီးသွားခြင်းက Safe အဖြစ်ဆုံးဖြစ်နေဆဲပဲဖြစ်ပါတယ်။