အောက်တိုဘာလ ၂ ရက်နေ့ထိ မိုးကြီးနိုင်ပြီး မြေနှင့်တောင် ပြိုမှုများဖြစ်နိုင်ကြောင်း မိုးလေဝသ သတိပေးချက်

မြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြားတွင် အောက်တိုဘာလ(၂)ရက်နေ့အထိ မိုးကြီးနိုင်ကြောင်း မိုးလေဝသ ခန့်မှန်းချက် ထွက်ပေးနေတယ်။

မိုးကောင်းနိုင်သည့်အတွက် ပြီးခဲ့သည့် ရက်များက ရေကြီးရေလျှံ ဖြစ်ခဲ့သည့် ဒေသများအနေဖြင့် မြေနှင့်တောင် ပြိုမှုများ ဖြစ်နိုင်သည့်အတွက် သတိထားရန် လိုအပ်မည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့တွင် အသိပေးထားသည်။

နောက်ဆုံး တိုင်းတာ တွက်ချက်မှုများအရ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ အပါအဝင် မြောက်ပိုင်း နှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့တွင် ယခင်ခန့်မှန်းချက်ထက် မိုးပိုများနိုင်လာသည်ဟု သိရသည်။

“အဓိကအားဖြင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ ပြီးခဲ့တဲ့ ခန့်မှန်းချက်ထက် မိုးပိုများနိုင်လာတာကိုတွေ့ရပါတယ်။ ရေကြီးနိုင်တဲ့ အန္တရာယ်အပြင် တောင်ကျချောင်းရေနဲ့ တောင်ပြို-မြေပြိုဖြစ်နိုင်မဲ့ Risk တွေ ပိုများလာနိုင်ပါမယ်။”ဟု မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေး ပြောကြားထားခြင်း ဖြစ်သည်။

ကျန်ပြည်နယ်နှင့် တိုင်းများတွင်လည်း မိုးရွာနိုင်ချေများသည် ယခင် ခန့်မှန်းချက်များထက် အနည်းငယ် ပိုနိုင်ကြောင်းလည်း အသိပေးထားသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ ည(၁၀)နာရီကနေ အောက်တိုဘာလ(၂)ရက်နေ့ ည(၁၀)နာရီအထိ (၄၈)နာရီအတွင်း ဖြစ်နိုင်ချေရှိသည့် မိုးရေချိန်ခန့်မှန်းချက်များဖြစ်သည်ဟု သိရသည်။