ရန်ကုန်မှာ ပိုပို ဆိုးရွားလာတဲ့ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ

လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခနှုန်းထားတွေတိုးကောက်နေပေမဲ့ လျှပ်စစ်မီးပြတ်တောက်မှုကလည်း အရင်အတိုင်းဆက်ရှိနေတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

” ဒီရက်ပိုင်း လျှပ်စစ်မီးက လာရမယ့် အချိန်လည်း မလာဘူး။ တစ်ရက်ခြား ​မနက် ၅ နာရီ ထိုးတာနဲ့ စဖြတ်ပါတယ်။ည ၉ နာရီ အထိ အလှည့်ကျ ဖြတ်တာပါ။ ဒါပေမယ့် တစ်ညလုံး မီးပြတ်တဲ့ရက်တွေလည်း ရှိပါတယ်။ ​နွေ​တောင် မ​ရောက်​သေးဖူး မီးမ​ပေးနိုင်​တော့ဘူးထင်တယ်။ လာမယ့်​နွေက​တော့ ​​တော်​တော် ဒုက္ခ​ရောက်ကြဦးမှာပါ” လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

မီတာခစျေး ၂ ဆ တက်ချိန်တုန်းကတော့ “တည်ငြိမ်တဲ့လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင်ဆောင်ရွက်ဖို့ နဲ့ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ်ပိုမြင့်မားလာတာကြောင့်” ဆိုပြီးထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် မီတာခစျေးနှုန်းတွေ တိုးမြှင့်ကောက်ခံမယ်လို့ပြောချိန်ကတည်းက လျှပ်စစ်မီးပုံမှန်ပေးနိုင်မယ်လို့တော့မပြောနိုင်ကြောင်း လျှပ်စစ်ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

ရန်ကုန်မြို့မှာတော့ ဓာတ်အားခွဲရုံတွေ ဝန်အားထိန်းညှိဆောင်ရွက်နေတာကြောင့် ယာယီဓာတ်အားပြတ်တောက်မယ်လို့ မြို့နယ်အလိုက် လျှပ်စစ်ဌာနတွေက အသိပေးထားပါတယ်။