စက်သုံးဆီ ဝယ်ယူခွင့်ကတ်ကြောင့် ဘာတွေဖြစ်လာမလဲ
စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်) မှာ ပါရှိတဲ့ ယာဉ်အမှတ်နဲ့ပဲ စက်သုံးဆီ ဝယ်ယူခွင့်ရှိကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) ကနေ သိရပါတယ်။
ဆီဝယ်ယူခွင့်ကတ်ပြားကို ယာဉ်နဲ့ တစ်ပါတည်း ယူဆောင်လာရမှာဖြစ်ပြီး ကတ်ပြားက ယာဉ်ပိုင်ဆိုင်မှုနဲ့ သက်ဆိုင်ခြင်းမရှိစေရလို့ စည်းကမ်းချက် ထုတ်ထားပါတယ်။
စက်သုံးဆီဝယ်ယူခွင့်ကို စမတ်ကတ်စနစ်နဲ့ ဆောင်ရွက်ခြင်းဟာ တစ်ရက်ကို တစ်ကြိမ်သာ အကန့်အသတ်နဲ့ ဆီဝယ်ယူဖို့ ဆောင်ရွက်ခြင်းမျိုးမဟုတ်ကြောင်း MPTA တာဝန်ရှိသူရဲ့ ပြောကြားထားချက်အရ သိရပါတယ်။
ပြည်တွင်းမှာ သုံးစွဲနေတဲ့ စက်သုံးဆီပမာဏ အတိအကျကို သိရှိပြီး မည်မျှတင်သွင်းရမှာကို သိရှိစေဖို့ ဆောင်ရွက်ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြားဟာ ဆီဝယ်ယူချိန်မှာ ကားနံပါတ်၊ ယာဉ်အမျိုးစားနဲ့ ဝယ်ယူတဲ့ ဆီအမျိုးအစားတွေကို အချက်အလက်ကောက်ယူနိုင်မယ့် ကတ်အမျိုးအစား ဖြစ်ပါတယ်။
စမတ်ကတ်နဲ့ စက်သုံးဆီဝယ်ယူခွင့်ကို ကနဦးအနေနဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စမ်းသပ်အသုံးပြုဖို့ စီစဉ်ထားပါတယ်။
ယနေ့ ရန်ကုန်အထိုင် ဓာတ်ဆီ 90 Ron တစ်လီတာ ၃၁၃၅ ကျပ်၊ 95 Ron တစ်လီတာ ၃၂၉၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၈၅ ကျပ်နဲ့ ပရီမီယံဒီဇယ် တစ်လီတာ ၃၂၃၀ ကျပ် သတ်မှတ်ရောင်းချနေပါတယ်။