နှုန်းထားသစ်နဲ့ မီတာခတွေ ထွက်ပြီ၊ အရင်လတွေထက် နှစ်ဆကျော် တက်လာ

ရန်ကုန်မြို့မှာ နှုန်းထားသစ်နဲ့ မီတာစာရွက်တွေ ထွက်လာနေပြီဖြစ်ကာ မီတာခ အတော်လေး တက်လာတယ်လို့ ဘေလ်ရရှိတဲ့ မြို့ခံတွေက ဆိုပါတယ်။

မီတာခတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အိမ်သုံးဆိုပါက ဓာတ်အားခ တစ်ယူနစ်မှ ၅၀ ယူနစ်အထိ ၅၀ ကျပ်၊ ၅၁ ယူနစ်မှ ၁၀၀ ယူနစ်အထိ ၁၀၀ ကျပ်၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိ ၁၅၀ ကျပ်၊ ၂၀၁ ယူနစ်နဲ့အထက် ၃၀၀ ကျပ် တိုးမြှင့်ကောက်နေတာပါ။

နှုန်းထားသစ်မှာ မီတာခဟာ ၂ ဆ ကျော်တက်လာနေပြီး ယခင် ၆၀၀၀၀ ဝန်းကျင် ကျသင့်တဲ့ အိမ်တွေက ၁၆၀၀၀၀ နီးပါး ပေးဆောင်ရဖို့ ဖြစ်လာနေပါတယ်။ ယခင် သောင်းဂဏန်းပဲကျတဲ့ အိမ်တွေကလည်း ၆၀၀၀၀ သောင်းနီးနီးကျတယ်လို့ သိရတယ်။

ဒါ့အပြင် မီတာစာရေးအချို့က နှုန်းထားသစ်ကို အသားမကျသေးဘဲ မှားယွင်းကောက်ခံမှုတွေလည်း ရှိနေတယ်လို့ သိရတယ်။ ဒါ့ပေမယ့် ဘေလ်ဆောင်ရာမှာတော့ မီတာစာရွက်ထဲကအတိုင်း ဆောင်ခိုင်းနေပြီး နောက်လတွေမှ ပြန်ဖြေရှင်းပေးမယ့် သဘော ပြောဆိုပါတယ်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က တာဝန်ရှိသူတစ်ဦးကတော့ “အခုလိုတွေ ကျသင့်တာထက် ပေးဆောင်ရတာတွေရှိရင် မီတာစာရေးကိုပြောတာထက် မြို့နယ်လျှပ်စစ်မန်နေဂျာကို တိုင်ဖို့လိုပါတယ်။ အခုလိုတွေဖြစ်တာကလည်း မြို့နယ်တချို့ပါ။ Complain တက်လို့ နောက်တစ်ခါပေးဆောင်ရတာမှာ အဆင်ပြေသွားတာတွေလည်းရှိပါတယ်” လို့ ၎င်းက ပြောပါတယ်။

မီတာခတွေ နှစ်ဆကျော်အထိ တိုးကောက်ခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်က မြို့နယ်တချို့မှာ လျှပ်စစ်မီးပြတ်တောက်မှု အခြေအနေ ပိုဆိုးထားခဲ့ကာ အချို့နေရာတွေမှာဆိုရင် တစ်နေကုန်ပြတ်တောက်တာတွေပါ ရှိခဲ့ပါတယ်။