ဒေါ်လာစျေးကျလို့ စျေးချပေးရမယ်ဆိုတဲ့ စကားကို လက်မခံနိုင်ဖြစ်နေတဲ့ အိမ်ခြံမြေနဲ့ ကားလောက

ပြည်တွင်းစျေးကွက်မှာ ဒေါ်လာ၊ ရွှေစျေးဆက်တိုက်ကျနေပေမယ့် ပြည်တွင်းက အိမ်ခြံမြေနဲ့ ကားစျေးကွက်ကို ပက်သက်ဆက်နွယ်တာမျိုး လက်မခံဖြစ်နေကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း အိမ်ခြံမြေနဲ့ ကားစျေးကွက် အရောင်းပါးနေခဲ့ရာက အခုအောက်တိုဘာလမှာတော့ အဝယ် လုံးဝနီးပါး ပျောက်ဆုံးလာတာပါ။

ဒေါ်လာစျေးကျလို့ ကားစျေးချပေးရမှာကို လက်မခံလိုကြဘဲ တင်းခံနေကြောင်း ရန်ကုန် ကားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။ တချို့ကလည်း ယခင်စျေးထက် စျေးလျော့ချပေးမှုနဲ့ အရောင်းထဲဝင်လာပေမယ့် အဝယ်ရှားပါးလွန်းနေတယ်လို့ ၎င်းတို့က ထပ်လောင်း ပြောဆိုပါတယ်။

ဩဂုတ်လအတွင်း ပြင်ပစျေးကွက်မှာ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၇၀၀၀ ကျော်ထိ တက်ခဲ့တဲ့ ဒေါ်လာစျေးဟာ ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့မှာ တစ်ဒေါ်လာ (၄၆၀၀) ကျပ် ဝန်းကျင်ထိ စျေးကျလာပါတယ်။ ရွှေစျေးမှာလည်း ကျပ် ၆၃ သိန်း ပတ်လည်မှာ ရှိနေပါတယ်။

လက်တလော ဒေါ်လာနဲ့ ရွှေစျေးကျခြင်းဟာ အိမ်ခြံမြေစျေးကွက်အပေါ် သက်ရောက်မှု မရှိသလို စျေးချရောင်းလာကြတာမျိုး မရှိဘူးလို့လည်း ရန်ကုန်မြို့က နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိ ဝါရင့် အိမ်ခြံမြေ အကျိုးဆောင်တွေကနေ သိရပါတယ်။

အိမ်ခြံမြေဆိုတာက ရွှေနဲ့ ဒေါ်လာလို မဟုတ်ဘဲ အကန့်အသတ်ရှိတဲ့ ပိုင်ဆိုင်မှုအမျိုးအစား ဖြစ်တာကြောင့် ဒေါ်လာ၊ ရွှေကျဆင်းမှုအပေါ် လိုက်ပြီး တိုက်ရိုက် အချိုးချဖို့ မဖြစ်နိုင်သလို လွယ်လွယ်ကူကူ လိုက်လံကျဆင်းလာဖွယ် မရှိဘူးလို့ သုံးသပ်ပေးသွားတာ ဖြစ်ပါတယ်။