ရွှေပြည်သာ၊ မြောက်ဒဂုံ အပါအဝင် ရန်ကုန်မှာ မြို့နယ် ၁၀ ခုထက်မနည်း ရေမြင့်တက်နေ

လာမယ့် ၁၂ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မိုးကြီးနေတဲ့ ရန်ကုန်မှာ မြို့နယ် ၁၀ ခုထက်မနည်း ရေမြင့်တက်နေပါတယ်။

အောက်တိုဘာ ၂၀ ရက် ညနေပိုင်းမှာ မိုးကြီးလာတာ အောက်တိုဘာ ၂၁ ရက်မှာတော့ ရပ်ကွက်တချို့မှာ ရေ စတက်လာခဲ့တာဖြစ်ပါတယ်။

ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ အင်းစိန်အပါအဝင် မြို့နယ်၁၀ခုထက်မနည်းမှာရေတက်နေတဲ့ အတွက် ကားလမ်းပိတ်ဆို့တာတွေအပြင် စားသောက်ရေးအခက်အခဲလည်းရှိနေတယ်လို့ လူမှုကူညီရေး အသင်းတွေကပြောကြပါတယ်။

“အခုကျွန်တော်တို့အသင်းကတော့ ထမင်းဝေဖို့လုပ်နေပါတယ်။ ရေကတော့ ရွှေပြည်သာရပ်ကွက်တိုင်းတက်နေ တာပါ။ ကားလမ်းရေကျော်ပြီး အနက်က ဒူးလောက်၊ပေါင်လောက်ရှိပါတယ်”လို့ ရွှေပြည်သူမြို့နယ်က လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီမနက်ထုတ်ပြန်ချက်အရတော့ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်ဖြစ်လာပြီး အောက်တိုဘာ ၂၃ ရက်မှာတော့ ဆိုင်ကလုန်မုန်တိုင်းဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

နောက် ၂ ရက်အတွင်းထိ ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ခုမှာ ဆက်လက်မိုးကြီးနိုင်သလို လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင် တယ်လို့ မိုးဇလက အောက်တိုဘာ ၂၂ ရက်ဒီနေ့မနက်ပိုင်းမှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။