အောင်သမာဓိ ပိုင်ရှင် ပတ်စပို့စ်စာအုပ်သိမ်းခံရပြီး လေဆိပ်ကနေ လှည့်ပြန်ရ
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို ပတ်စပို့စ်စာအုပ်သိမ်းပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကာ နေအိမ်သို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးလေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏ ဘူမိလေဆိပ်သို့ လိုက်ပါမည့် ဦးအောင်ဆန်းဝင်းကို ပြည်ပထွက်ခွင့် ပိတ်ခဲ့ခြင်းလို့ သိရသည်။
ဦးအောင်ဆန်းဝင်းကို လူဝင်မှုကြီးကြပ်ရေး ကောင်တာတွင် စစ်ဆေးချိန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ အမည်ပျက်စာရင်း (Black List) ရေးသွင်း၍ ပြည်ပ ထွက်ခွာမှု ပိတ်ပင်ရန် ညွှန်ကြားထားသူဖြစ်သဖြင့် ပြည်ပထွက်ခွာခွင့် ပိတ်ကာ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ရွှေဈေးနှုန်းမတည် မငြိမ်လုပ်သည်ဟုဆိုကာ အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းအပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပြီး ရွှေဈေးကွက်ရှိ ရွှေဆိုင်ပိုင်ရှင်များနှင့် ရွှေ ရောင်းဝယ်ရေးပြုလုပ်သည့် ရွှေကုန်သည် ၂၁ ဦး ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရဖူးသည်။
ဦးအောင်ဆန်းဝင်း၏ နိုင်ငံကူးလက်မှတ်ပတ်စပို့စ်ကို သိမ်းဆည်းခဲ့ပြီး ပြည်ပထွက်ခွာခွင့် အပိတ် ခံရခြင်းမှာ ပြည်တွင်းရွှေစျေးနှုန်းတွေ မတည်ငြိမ်ခြင်းနှင့် သက်ဆိုင်သည်ဟု နားလည်ရသည်။
နိုင်ငံအတွင်း ကုန်ဈေးနှုန်းကြီးမြင့်လာပြီး စက်သုံးဆီ နှင့် အခြေခံစားသောက်ကုန်များ အဆမတန်ဈေးနှုန်း ကြီးမြင့်လာသည့်နောက် ဆန်ကုန်သည်၊ ဆီကုန်သည်နှင့် စက်သုံးဆီရောင်းဝယ်သည့် လုပ်ငန်းရှင်များကိုလည်း အလားတူ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။