ကမ္ဘာကျော် စူပါကပ် ဆိုင်ကယ်တွေကို ထုတ်လုပ်မှု လုံးဝ ရပ်တန့်ပြီ

စက်တပ်ယာဉ်တွေ ထုတ်ရာမှာ ကမ္ဘာ့ ဦးဆောင် ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ ဂျပန် ကုမ္ပဏီကြီး ဟွန်ဒါဟာ သူတို့ ထုတ်လုပ်တဲ့ ကမ္ဘာပေါ် အရောင်းရဆုံး မော်တော်ဆိုင်ကယ် အမျိုးအစား ဆူပါကပ် ဆိုင်ကယ်တွေကို ထပ်ပြီး မထုတ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

၁၉၅၆ ခုနှစ်က စပြီး ထုတ်ခဲ့တဲ့ ဆူပါကပ်တွေဟာ အင်ဂျင်စက် သေးပြီး အရှိန်အများဆုံး အနေနဲ့ တစ်နာရီကို ကီလိုမီတာ ၇၀ အောက်သာ ပြေးဖို့ စပြီး ထုတ်ခဲ့ပါတယ်။

ကုဗ ၅၀ စင်တီမီတာ အရွယ်သာ ရှိမယ့် အပေါ့စား မော်တော်ဆိုင်ကယ်မျိုး ထွင်မယ် ဆိုတဲ့ အကြံသစ် ဉာဏ်သစ်နဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်လို့ Super Cub fifty လို့လည်း ရည်ညွှန်းလေ့ ရှိကြပါတယ်။

လူတွေ နေ့စဉ်သွားရေး လာရေးနဲ့ တနိုင်တပိုင် ဝန်စည်ပစ္စည်းတွေ သယ်ဖို့ရာမှာ ဆိုင်ကယ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာအောင် ဆူပါကပ် ဆိုင်ကယ်တွေက အင်မတန် အထောက်အကူ ဖြစ်စေခဲ့ပြီး၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ လူကြိုက်များခဲ့ပါတယ်။

နောက်ပိုင်း အင်ဂျင်ပိုကြီးကြီး တပ်ထားတဲ့ မော်ဒယ်တွေနဲ့ပါ ဆိုရင် ဆူပါကပ် အစင်းရေ သန်း တစ်ရာကျော် ထိအောင် ကမ္ဘာအနှံ့ ရောင်းချခဲ့ရပါတယ်။

လာမယ့်နှစ်က စပြီး ဆူပါကပ်တွေကို ထပ်ပြီး မထုတ်တော့ဖို့ ဟွန်ဒါက ဆုံးဖြတ်လိုက်ရတာဟာ အခုခေတ်မှာတော့ နေ့စဉ် မြို့တွင်း သွားရေးလာရေးတွေမှာ လူတွေဟာ အီလက်ထရစ်ဘိုက်ခ်လို့ ခေါ်တဲ့ လျှပ်စစ် စက်တပ် စက်ဘီးတွေနဲ့ မတ်တပ်ရပ်စီးရတဲ့ စကူတာမျိုးတွေ အပါအဝင် ဆိုင်ကယ်အသေးစား စကူတာ အမျိုးမျိုးကို ပိုပြီး သုံးစွဲလာတဲ့ အတွက် ဖြစ်ပါတယ်။