ရန်ကုန်မြို့ထက်တောင် တစ်ဆခွဲလောက် ကျယ်နေတဲ့ ဆော်ဒီက ကမ္ဘာ့ အကြီးဆုံးလေဆိပ်

ကမ္ဘာပေါ်မှာ ဧရိယာ အကျယ်အဝန်းအရ အကြီးဆုံးလေဆိပ်ကတော့ ဆော်ဒီအာရေဗီးယားနိုင်ငံက King Fahd လေဆိပ်ဖြစ်ပါတယ်။ ၇၇၆ စတုရန်းကီလိုမီတာတောင်ကျယ်တာကြောင့် ရန်ကုန်မြို့ရဲ့ တစ်ဆခွဲလောက် ရှိပါတယ်။

ဧရိယာအရကျယ်ဝန်းပေမယ့် မြေနေရာတော်တော်များများ (အားလုံးနီးပါး) ကအလွတ်တွေဖြစ်ပါတယ်။ အနာဂတ်စီမံကိန်းအတွက် တိုးချဲ့နိုင်ဖို့ရည်ရွယ်ဆောက်လုပ်ထားတာပါ။

ဆော်ဒီနိုင်ငံရဲ့ ၅ ခုမြောက်အကြီးဆုံးမြို့လည်းဖြစ် အရှေ့ပိုင်းပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ ဘာရိန်းနယ်စပ်အနီးက လူဦးရေတစ်သန်းကျော်နေထိုင်တဲ့ Damman မြို့မှာတည်ရှိပါတယ်။ ဒီလေဆိပ်က ရေနံအဓိကထုတ်လုပ်တဲ့ အရှေ့ပိုင်းပြည်နယ်ရဲ့ အဓိကလေဆိပ် တစ်ခုလည်းဖြစ်ပါတယ်။

Terminal ၆ ခုပါရှိပြီး ဒီထဲက ၂ ခုက တော်ဝင်မိသားစုတွေအတွက်ပါ။ တစ်နှစ်ကို ခရီးသွား ၁၀ သန်းခန့်ကိုဝန်ဆောင်မှုပေးနေပါတယ်။ ဧရိယာအရအကျယ်ဆုံးဖြစ်ပေမယ့် အလုပ်အများဆုံးလေဆိပ်စာရင်းမှာတော့မပါဝင်ပါဘူး။

ခရီးသွားလာရောက်မှုအများဆုံးလေဆိပ်ကတော့ အမေရိကန်၊ ‌ဂျော်ဂျီယာပြည်နယ်မြို့တော် အတ္တလန်တာမြို့က Hartsfield-Jackson Atlanta လေဆိပ်ပါ။ တစ်နှစ်ကိုခရီးသွား သန်း ၁၀၀ ခန့်လာရောက်ပါတယ်။

သူ့အနောက်မှာတော့ Dubai, Dallas, London Heathrow, Tokyo Haneda လေဆိပ်တို့က သန်း ၈၀ ဝန်းကျင်ဖြင့် ရပ်တည်နေပါတယ်။

ဧရိယာအကျယ်အဝန်းအရ အကြီးဆုံးလေဆိပ်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

1. King Fahd International Airport, Dammam, Saudi Arabia (776 sqkm)
2. Denver International Airport, Colorado, USA (135.7 sqkm)
3. Dallas/Fort Worth International Airport, Texas, USA (69.6 sqkm)
4. Orlando International Airport, Florida, USA (69.63 sqkm)
5. Washington Dullas International Airport, Washington D.C, USA (52.6 sqkm)
6. Beijing Daxing International Airport, Beijing, China (47 sqkm)
7. George Bush International Airport, Houston, USA (44.5 sqkm)
8. Shanghai Pudans International Airport (Shanghai, China (40 sqkm)
9. Cairo International Airport, Cairo, Egypt (36.3 sqkm)
10. Suvarnabhumi International Airport, Bangkok, Thailand (32.4 sqkm)

မြန်မာနိုင်ငံက ပဲခူးမြို့အနီးမှာဆောက်လုပ်ဖို့ စီစဉ်ခဲ့တဲ့ ဟံသာဝတီလေဆိပ်က အကျယ်အဝန်း ၃၆.၄ စတုရန်းကီလိုမီတာတောင်ရှိမှာမို့ အကယ်၍ ဆောက်ဖြစ်ခဲ့ရင် ဘန်ကောက်က သုဝဏ္ဏဘူမိလေဆိပ်နဲ့ အီဂျစ်ကကိုင်ရိုလေဆိပ်တွေကိုကျော်ပြီး ကမ္ဘာပေါ်မှာ ၉ ခုမြောက်အကြီးဆုံးလေဆိပ်ဖြစ်လာမှာပါ။