ပြည်တွင်းမှာ လုံးဝ နီးပါး ငြိမ်သက်နေသလောက် ထိုင်းမှာ မြန်မာဝယ်လက်တွေဖြင့် ကျိတ်ကျိတ်တိုးနေ
အခုနှစ် ပထမကိုးလအတွင်း ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အပါအဝင် ချင်းမိုင်နဲ့ နေရာအနှံ့မှာ မြန်မာတွေ ကွန်ဒိုဝယ်ယူမှု မနှစ်ကထက် ၃ ဆတိုးလာတယ်လို့ ထိုင်းအိမ်ခြံမြေ သတင်းအချက်ဌာန (REIC) ကနေ ထုတ်ပြန်လိုက်ပါတယ်၊၊
ထိုင်းမှာ တရုတ်နိုင်ငံပြီးရင် မြန်မာက ကွန်ဒိုဝယ်ယူမှုမှာ ဒုတိယအများဆုံးဖြစ်ပြီး တတိယကတော့ ရုရှားနိုင်ငံဖြစ်ပါတယ်။
“တခြားနိုင်ငံတွေမှာ ပဋိပက္ခတွေဖြစ်တဲ့အခါတိုင်း နိုင်ငံခြားသားတွေက အေးအေးချမ်းချမ်းနေချင်လို့ ထိုင်းကိုရောက်လာကြတယ်” လို့ REIC ရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် Kamonpop Veerapala က ဒီတစ်ပတ်ထဲမှာပဲ သတင်းထောက်တွေကို ဖြေဆိုထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ ထိုင်းဘတ်ငွေ ၅.၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅၈ သန်း) တန်ဖိုးရှိတဲ့ ကွန်ဒိုတိုက်ခန်း အလုံးရေ ၁,၀၀၀ ကျော်ကို မြန်မာနိုင်ငံသားတွေဆီ ရောင်းချခဲ့တယ်လို့ REIC က ဖော်ပြပါတယ်။
မြန်မာက ဝယ်ယူသူတွေဟာ ပြည်တွင်းစစ်ကြောင့် ပြိုလဲနေတဲ့ စီးပွားရေးကငွေတွေကို တခြားနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ဆီ ရွှေပြောင်းဖို့ကြိုးပမ်းနေကြတာလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
တရုတ်နဲ့ ရုရှားဖော်သည်တွေဟာ သူတို့တိုင်းပြည်မှာ စီးပွါးရေးကျနေလို့ ထိုင်အိမ်ခြံမြေထံ ရင်းနှီးမြုပ်နှံမှု လျော့နည်းလာချိန်ဝယ် မြန်မာတွေက ခုလိုတိုးဝယ်နေလို့ ထိုင်းအိမ်ခြံမြေစျေးကွက်ဟာ စည်ကားလာပါတယ်။
မြန်မာပြည်တွင်း အိမ်ခြံမြေစျေးကွက်ဟာ ၂၀၂၄ ခုနှစ်အတွင်း လုံးဝ နီးပါး ငြိမ်သက်နေပေမယ့် ထိုင်းမှာတော့ မြန်မာဝယ်လက်တွေနဲ့အတူ ကျိတ်ကျိတ်တိုးနေဆဲပဲဖြစ်ပါတယ်။