ရန်ကုန်မှာ တိုက်ခန်းငှားခတွေ စျေးထပ်တက်နေပြီး ၃ လ တစ်ကြိမ် စျေးတက်တောင်းနေ
နယ်မြေမတည်ငြိမ်ဖြစ်နေရာ ဒေသများမှ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းဝင်ရောက်သူ များပြားလာကာ တိုက်ခန်းလိုအပ်ချက် မြင့်မားလာပြီးနောက် ဈေးတင်ငှားရမ်းမှုများကြောင့် ရန်ကုန်မြို့တွင် အငှားတိုက်ခန်းခများ ဆက်တိုက်မြင့်တက်နေသည်။
မြန်မာပြည်အလယ်ပိုင်းက မန္တလေးနှင့် စစ်တက္ကသိုလ်များ အခြေစိုက်ရာ ပြင်ဦးလွင်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု စစ်ရေးခန့်မှန်းချက်များ ပြီးခဲ့သည့်လများက ထွက်ပေါ်ခဲ့ပြီးနောက် ထိုဒေသတွင် နေထိုင်သူအများအပြား ရန်ကုန်မြို့သို့ ရွှေ့ပြောင်းခဲ့ကြသည်။
“တိုက်ခန်းလိုအပ်ချက်က အရမ်းများနေတာ။ ရန်ကုန်မှာဆို စစ်ရှောင်တွေ အများကြီး ရောက်လာ ကြတယ်။ ရှမ်းဘက်ကရော ရခိုင်ဘက်ကရော။ ကုန်စျေးနှုန်းတွေကလည်းတက်တော့ အိမ်လခတွေပါ လိုက်တက်ကုန်တာ” ဟု ရန်ကုန်တွင် အိမ်အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။
ယမန်နှစ်က ခြောက်လွှာတိုက်ခန်းတခန်းကို ဌားရမ်းခ နှုန်းထားအနေဖြင့် တလလျှင် ကျပ် ၁၈၀,၀၀၀ သာ ရှိခဲ့သော်လည်း လက်ရှိတွင် ကျပ်၂၃၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး နေရာအလိုက် စျေးနှုန်းကွာဟမှုရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် အိမ်ပိုင်ရှင်အချို့က အိမ်ငှားများအား တိုက်ခန်းစာချုပ် ချုပ်ဆိုရာတွင် သုံးလတကြိမ်သာ ချုပ်ခွင့်ပေးပြီး စာချုပ်ပြည့်တိုင်း ဈေးထပ်တိုးပေးနေရကြောင်းလည်း သိရသည်။
ထို့ပြင် နေ့စဉ်ဝင်ရေရှိမှု တိုးမလာဘဲ လျှပ်စစ်မီတာခနှင့် ရေမီတာခများ မြင့်တက်မှုသည်လည်း ပြည်သူများကို ပိုမိုကျပ်တည်းစေသည့်အကြောင်းအရင်းတခုဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် အိမ်ငှားရမ်းကာ နှစ်ဦးတည်းနေထိုင်သည့် မိသားစုတစု၏ တလတာပျှမ်းမျ ကုန်ကျစရိတ်သည် မီတာခ ၄၀,၀၀၀ ကျပ်၊ ရေဖိုး ၁၀,၀၀၀ကျပ်၊ ဆန်ဖိုး ၄၈,၀၀၀ ကျပ်၊ ဆီဖိုး ၃၀,၀၀၀ ကျပ်၊ စျေးအသုံးစရိတ် ၁၅,၀၀၀ကျပ် နှင့် အိမ်ဌားရမ်းခထည့်တွက်လျှင် တလလျှင် ကျပ် ၅၀၀,၀၀၀ သိန်းကျော် ကုန်ကျကြောင်း သိရသည်။