ပြည်တွင်းမှာ ဆန်စျေးမကျသလို အရည်အသွေး မကောင်းတာတွေပါ ရောနှောရောင်းချမှုတွေရှိနေ
ဇွန်လကစပြီး ဆန်စျေးနူန်းမတည်ငြိမ်အောင် စျေးကစားတယ်ဆိုပြီး ဆန်လုပ်ငန်းရှင်၊ဆန်ကုန်သည်၊ ပွဲရုံတွေ၊ ဆန်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးပြီး စျေးကစားကြောင်းစစ်ဆေးတွေ့ရှိသူတွေကို သတိပေးပြီး အရေးယူမှုတွေလုပ်ခဲ့ပါတယ်။
စျေးကွက်ထဲမှာသတ်မှတ် ဆန်ရည်ညွှန်းစျေးအတိုင်း ရောင်းချခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) အရ တရားစွဲဆိုခြင်း၊ ဒဏ်ငွေနှင့် အခွန်ငွေ သတ်မှတ်ပေးဆောင်စေခြင်း စတဲ့ ထိရောက်တအရေးယူမှုတွေကို လုပ်ဆောင်မှာဖြစ်တယ်လို့သိရပါတယ်။
ဆန်စျေးနူန်းကို သတ်မှတ်ရည်ညွန်းစျေးထက် ပိုမရောင်းချဖို့ သတိပေးမှုတွေ အကြိမ်ကြိမ်လုပ်သလို ဆန်လုပ်ငန်းရှင်အချို့ကိုပါ ဖမ်းဆီး အရေးယူခြင်း ဒဏ်ငွေ ရိုက်ခြင်းတွေလုပ်နေပေမယ့် ပြည်တွင်းဆန်စျေးကွက်မှာတော့ ဆန်စျေးက ခုထက်ထိမကျလာတဲ့အပြင် အရည်အသွေးညံ့တဲ့ဆန်တွေပါ ရောနှောရောင်းချမှုတွေရှိလာတယ်လို့ စားသုံးသူတွေဆီက သိရပါတယ်။
လက်ရှိ ဆန်စျေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်းမွှေးထူးရှယ်က တအိတ်ကို ၂၀၀၀၀၀ ကျပ်အထိရှိပြီး ဆန်အရည်အသွေးညံ့လာသလို ဧရာပဒေသာဆန်က ၁၆၀၀၀၀ ဝန်းကျင် အထိရှိနေပါတယ်။
အခြား ပြည်တွင်းသုံးဆန်တွေဖြစ်တဲ့ မှော်ဘီ၊ နှံကောက်၊ ငွေတိုးရင် ဆန်အမျိုးအစားကတအိတ်ကို ၈၅၀၀၀ ကျပ်အထက်မှာရှိနေပြီး ဆန် တပြည်ကိုအနိမ့်ဆုံး ၃၈၀၀ ကျပ်ရှိနေပါတယ်။