မြန်မာပြည် အိမ်ထောင်စု စုစုပေါင်းထဲက ၇.၅% ရဲ့ အဓိက အားထားရာ ဝင်ငွေရလမ်းကြောင်း

လာမယ့်ဘဏ္ဍာနှစ်ကုန် ၂၀၂၅ မတ်လအထိ မြန်မာပြည်တွင်း စီးပွားရေးခန့်မှန်းချက်မှာ အနှုတ် ၁ ရာခိုင်နှုန်းဖြစ်ကြောင်း လက်တလော ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့နိုင်ငံ စီးပွားရေးစောင့်ကြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ ကမ္ဘာ့ဘဏ်ရဲ့ ယခင် ခြောက်လက ခန့်မှန်းချက်ထက် ပိုပြီး လျော့နည်းတဲ့ စီးပွားရေးတိုးနှုန်း ခန့်မှန်းချက်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားရေးတိုးတက်မှုဟာ ဆက်လက်နှေးကွေးနေမယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ခြောက်လတုန်းက ထုတ်ပြန်ခဲ့ပြီးနောက် အခုထပ်မံထုတ်ပြန်ချက်အရ မြန်မာ့စီးပွားရေးဟာ အရင်ကထက် အရှိန်အဟုန်နဲ့ ကျဆင်းသွားတဲ့အခြအနေလို့ နားလည်ရပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်းပဋိပက္ခအခြေအနေနဲ့ ကုန်စည်ပြတ်လပ်မှု အခြေအနေတွေကြောင့် စီးပွားရေးမျှော်မှန်းချက်မှာ အားရစရာမရှိဘူးလို့လည်း ပြောထားပါတယ်။
စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးတို့မှာ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေမှာဖြစ်သလို အိမ်ထောင်စုတွေဟာ ကုန်ဈေးနှုန်းတက်တဲ့ ဒဏ်နဲ့ လုပ်သားဈေးကွက် အားနည်းမှုဒဏ်တွေကို ခါးစည်းခံနေရတယ်လို့ အစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။
ပြင်ပထွက်ပြီး အလုပ်လုပ်ကိုင်ခြင်းဟာ မြန်မာပြည် အိမ်ထောင်စုတွေရဲ့ အကြပ်အတည်းတွေကို ဖြေရှင်းတဲ့ အရေးပါသော နည်းလမ်းဖြစ်လာနေတယ်။
အလုပ်အကိုင်ရှားပါးခြင်း အပြင် ပြည်တွင်းထက် ပိုမိုရရှိတဲ့ လုပ်ခတွေကြောင့် ပြည်ပသွားရောက် အလုပ်လုပ်ကိုင်သူတွေများလာပြီး အဲဒီလို ပြင်ပထွက်အလုပ်လုပ်ရသူတွေရဲ့ဝင်ငွေကို အဓိကမှီခိုရတဲ့ အိမ်ထောင်စုက ၇.၅ ရာခိုင်နှုန်းရှိနေတယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။
လက်တလော ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်မှုအများစုက တရားမဝင်လမ်းကြောင်းတွေကနေ သွားနေကြတာဖြစ်ကာ အိမ်ထောက်စုတွေအတွက် အကျိုးအမြတ်ပိုရကြစေဖို့ရာ တရားဝင်လမ်းကြောင်းတွေကနေ သွားနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း အကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အယ်လန်အဒ်ဝပ်က ပြောဆိုထားပါတယ်။