၂၀၂၅ မှာ ပြန်လည် စတင်သွားမယ့် ရန်ကုန်မြို့သစ်စီမံကိန်း

ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြန်လည်စတင်တော့မှာ ဖြစ်တယ်လို့ စီမံကိန်းနှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

ယင်းစီမံကိန်းကို ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦးမှ လုပ်ကိုင်ခွင့်ရရှိထားတယ်လို့လည်း သိရပါတယ်။ တရုတ်ဘက်က ပြန်လည်အ‌ကောင်အထည်ဖော်ရန် ဆန္ဒရှိနေကာ လာမယ့်နှစ်မှာ စီမံကိန်း ပြန်လည်စတင်ဖို့ ရှိလာနေတာပါ။ ဒီသတင်းကို တရုတ်ပြည်တွင်း ချန်နယ်အချို့ကလည်း ဖော်ပြမှု ပြုလုပ်နေပါတယ်။

ရန်ကုန်အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်အသုံးပြုမယ့် ရန်ကုန်မြို့သစ်စီမံကိန်းဟာ ကြီးမားတဲ့ ပရော်ဂျက်ကြီးတစ်ခု ဖြစ်ပါတယ်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံကိန်းကို ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပြင်ဆင် ညှိနှိုင်းလာခဲ့ကြခြင်းဖြစ်ပြီး NLD အစိုးရလက်ထက် (၂၀၁၈) ခုနှစ်တွင် ကျယ်ကျယ်လောင်လောင်စတင်ခဲ့ခြင်းဖြစ်သည်။

စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကုန်ကျနိုင်မှာဖြစ်တယ်လို့ ခန့်မှန်းထားကာ လူ ၂ သန်းကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးမှာဖြစ်ကြောင်း NLD အစိုးရလက်ထက်တွင် ပြောကြားထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှုဇုန်၊ အိမ်ရာ၊ ဈေးဝယ်စင်တာ၊ အမြန်ရထား၊ ဘတ်စကား အစုံအလင်ထည့်သွင်းထားပြီး နည်းပညာသုံးစက်မှုမြို့သစ်အဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့လည်း သိရပါတယ်။