ကြီးကြီးသေးသေး ၁ လုံး ၃၇၀ ကျပ်ထက် ကျော်ရောင်းခွင့်မရှိတော့တဲ့ ကြက်ဥ

ရန်ကုန်မှာ ကြက်ဥနှင့် အသားငါးကိုပါ ဈေးသတ်မှတ်ရန် ပြင်ဆင်နေကြောင်းနဲ့ သတ်မှတ်စျေးနှုန်းအတိုင်း မရောင်းရင် အသွင်ယူဖမ်းမည်ဟု ခြိမ်းခြောက်သတိပေးနေကြောင်း ကုန်ခြောက်ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

မြို့နယ်စည်ပင်သာယာရေးက မြို့နယ်တချို့တွင် ကြက်ဥ ၁၀ လုံးလျှင် ၃,၆၀၀ ကျပ်၊ တချို့ကို ၃,၇၀၀ ကျပ်ဟု ဈေးနှုန်း သတ်မှတ် ရောင်းချနေသည်။ ဒါ့အပြင် ပြင်ပလက်လီအရောင်းဆိုင်များအနေဖြင့်လည်း ၎င်းတို့ ရောင်းချသည့် နှုန်းထားအတိုင်း ရောင်းချရမည်ဟု သတိပေးလာနေသည်။

ပြည်တွင်းမှာ ရွှေစျေး၊ ဒေါ်လာစျေးကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချဖို့နဲ့ မရောင်းချပါက အရေးယူမှု ပြုလုပ်ခြင်းကြောင့် ရွှေစျေး၊ ဒေါ်လာစျေး ပြန်လည်ကျဆင်းလာနေသည်။ သို့ပေမယ့် ကုန်စျေးနှုန်း ကျဆင်းခြင်း မရှိရာက အခုလို စားသောက်ကုန်တွေကိုပါ သတ်မှတ်စျေးတွေဖြင့် ရောင်းချဖို့ သတိပေးလာခြင်းဖြစ်သည်။

လက်ရှိမှာ ကြက်ဥဒိုင်တွေကနေ တလုံး ၃၇၀ ကျပ်နဲ့ ဝယ်ယူနေရပြီး ကြက်ဥတွေဟာ အရွယ်အစားမတူ ဈေးအမျိုးမျိုးရှိပေမယ့် ၃၇၀ ထက် ပိုမရောင်းဖို့ရာမှာ စျေးမကိုက်ဘူးလို့ ကုန်စုံဆိုင်တွေကဆိုပြီး ဆိုင်တချို့မှာ အရောင်းရပ်ထားသည့် အခြေအနေ ရှိနေသည်။

အသားဈေးကွက်တွင်လည်း စည်ပင်သာယာရေးကော်မတီ၊ သားသတ်ဌာနမှ ဆိတ်သား တပိဿာ ၃၂,၀၀၀ ကျပ်ထပ် ပိုမရောင်းရန်နှင့် ရောင်းချပါက ဆိုင်ခန်းပိတ်သိမ်းပြီး အရေးယူသွားမည်ဟု လက်လီအရောင်း ဆိုင်များကို ယခုရက်ပိုင်းအတွင်း သတိပေး ပြောဆိုထားသည်။

ထို့အပြင် ငါးမွေးမြူရေးကန်များကိုလည်း စာရင်းကောက်ယူနေပြီး ဈေးနှုန်းကို ထပ်မံထိန်းချုပ်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း ကုန်သည်လုပ်ငန်းရှင်များအသိုင်းအဝိုင်းမှ သိရသည်။