နယ်မြေဆိုင်ရာ သတင်းတွေကြားက ခရီးသွားတွေ အလုံးအရင် ဝင်လာကြမယ့် မြန်မာပြည် နာမည်ကြီးဒေသများ

ဒီဇင်ဘာအားလပ်ရက် ခရီးစဥ်တွေအတွက် ချောင်းသာ၊ ငွေဆောင်လို ကမ်းခြေဒေသ အပါအဝင် ပြင်ဦးလွင်၊ ကလော၊ အင်းလေးနဲ့ ပုဂံဒေသဘက်တွေမှာ ဟိုတယ်နှင့် တည်းခိုခန်းများ Booking မရှိသလောက်ဖြစ်နေကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ဒီဇင်ဘာ ၁၄ ရက်မှစတင်ကာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်အထိ၊ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် (၁၀၀) ပြည်ပွဲတော်နှင့် (၁၇) ကြိမ်မြောက်ပန်းပွဲတော်ကို ဒေသထွက်ကုန်အရောင်းပြခန်းနှင့် ဆိုင်ခန်းများ၊ ဂီတဖျော်ဖြေပွဲများ၊ မျက်လှည့်ပွဲများဖြင့် ပူးတွဲ ကျင်းပနေတာပါ။

နယ်မြေ မတည်ငြိမ်နိုင်မှု သတင်းတွေ ထွက်ပေါ်နေတဲ့ ပုဂံမှာတော့ အချို့ ဧည့်သည်တွေက ဟိုတယ်ဘိုကင် ယူထားမှုကို ဖျက်သိမ်းတာမျိုးတွေ ရှိနေပေမယ့် အခန်းတောင်းဆိုမှု အရမ်းများနေကာ ဘိုကင်တွေ ယူလို့တောင် မရတော့ဘူးလို့ သိရပါတယ်။

ပုဂံ – ညောင်ဦးဒေသခံ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေကတော့ မြို့အဝင်မှာ မှတ်ပုံတင်စစ်တာတခုကလွဲလို့ နယ်မြေအခြေအနေက အေးချမ်းကြောင်းဆိုတယ်။ ပုဂံဒေသခံတွေကတော့ ဒီတစ်ကြိမ် နှစ်သစ်ကူးကာလအတွင်း ခရီးသွားတွေ အလုံးအရင် ဝင်ဖို့ရှိနေတာကြောင့် လူအတော်စည်မယ် မျှော်လင့်နေကြကာ အများကြီး ကြိုတင်ပြင်ဆင်ထားကြပါတယ်။

စက်တင်ဘာလအတွင်း ရေကြီးမှုကြောင့် အကြီးအကျယ် အထိနာထားတဲ့ ရှမ်းပြည်(တောင်ပိုင်း) ကလောဘက်မျာလည်း ခရီးသွားလုပ်ငန်း ပြန်အစပြုနေပြီဖြစ်ကာ ဧည့်သည်တွေ အပြည့် ပြန်ဖြစ်လာနေပြီလို့ ဒေသခံခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပြပါတယ်။

ကလောနဲ့ အင်လေးဘက်ခြမ်းဟာ ရေကြီးမှုနောက်ပိုင်း ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေရတာမို့ ခရီးသွားဧည့်သည်တွေကို မျှော်နေကြတယ်လို့ ဒေသခံတွေက ဆိုတယ်။ နယ်မြေအခြေအနေနဲ့ ပတ်သက်လာရင် အားမနာတမ်း ကြိုတင် မေးမြန်း စုံစမ်းကြဖို့လည်း ပြောဆိုပါတယ်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံကမ်းခြေနဲ့ Sea & Lake ကမ်းခြေတွေကို ပြည်တွင်းခရီးသွား ဝင်ရောက်သွားလာမှုတွေ အများဆုံးရှိတဲ့ နေရာတွေဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်မှုထမ်း အပတ်စဥ် (၈) အတွက် စစ်မှုထမ်း တပ်သားလိုအပ်နေတာကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ကာ လူငယ်များ ပေါ်တာဆွဲခံရမှု များပြားနေကြောင်း သတိပေးမှုတွေလည်း ပိုမို ကျယ်ပြန့်လာနေတာဖြစ်ပါတယ်။