ဗီယက်နမ်အသင်းရဲ့ ဘရာဇီးနွယ်ဖွား တိုက်စစ်မှူးက မြန်မာအသင်းကို ဟက်ထရစ်သွင်းမယ်လို့ ကြွေးကြော်

မနက်ဖြန် မြန်မာအသင်းကို ရင်ဆိုင်ရမယ့် မစ်ဆူဘီရှီဖလား ပွဲကြိုမှာ ဟက်ထရစ်သွင်းမယ်လို့ ဗီယက်နမ် တိုက်စစ်မှုး Nguyen Xuan Son က ကြွေးကြော်ပါတယ်။

ဘရာဇီးနွယ်ဖွား တိုက်စစ်မှုး Nguyen Xuan Son ဟာ ဗီယက်နမ်လိဂ်မှာ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တယ်။ သူဟာ မနက်ဖန် မြန်မာအသင်းနဲ့ပွဲစဥ်မှာ ဗီယက်နမ်အသင်းကို ကိုယ်စားပြုပြီး ပထမဆုံး ပါဝင်ကစားခွင့်ရမှာ ဖြစ်ပါတယ်။

Nguyen Xuan Son ကတော့ ” အသင်းဖော်တွေရော၊ ပရိသတ်တွေကပါ အားပေးမှုရရှိတဲ့အတွက် အရမ်းပျော်ပါတယ်။ မနက်ဖန်ပွဲကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး။

ဗီယက်နမ်နိုင်ငံတော်သီချင်းကို အကောင်းဆုံး သီဆိုနိုင်မယ်လို့ ယုံကြည်ပြီး မနက်ဖန် မြန်မာကို ရင်ဆိုင်ရမယ့် ပွဲမှာ ဟက်ထရစ် သွင်းနိုင်မယ်လို့ ယုံကြည်တယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

ဗီယက်နမ်လက်ရွေးစင်အသင်းဟာ အာဆီယံဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဥ်တွေမှာ ရှုံးပွဲမရှိအောင် ကစားထားနိုင်ခဲ့တာ (၂၁)ပွဲဆက်တိုက် ရှိလာခဲ့ပြီဖြစ်ပေမယ့် အုပ်စုပထမနေရာ သေချာစေဖို့ ဗီယက်နမ်အသင်းအနေနဲ့ မြန်မာအသင်းကို အနည်းဆုံး သရေကစားဖို့ လိုအပ်နေသေးတာ ဖြစ်ပါတယ်။

ဗီယက်နမ်အသင်းဟာ ယခုနှစ် အာဆီယံဖလားမှာလည်း (၃)ပွဲကစား (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ ရမှတ် (၇)မှတ်နဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပေမယ့် မြန်မာက ဗီယက်နမ်ကို (၂-၀)ဂိုးနဲ့ နိုင်မယ်ဆိုရင် နောက်တစ်ဆင့် တက်နိုင်မယ့် အခွင့်အရေး ရှိနေတာပါ။