ရှမ်းအဝယ်၊ ရခိုင်အငှားနဲ့အတူ ပြန်ခေါင်းထောင်လာဖွယ်ရှိတဲ့ အိမ်ခြံမြေစျေးကွက်

ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဥ်ပါက အများကြီး တိုးတက်လာကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များဘက်က ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းရှားပါးသော်လည်း အငှားစျေးကွက် အကြီးအကျယ် ဖြစ်ထွန်းခဲ့သည်။ နှစ်ကုန်ခါနီးထိ အေးစက်နေသည့် အိမ်ခြံမြေ စျေးကွက်ဟာ နှစ်သစ်ကူးကာလတွင် အရောင်းအဝယ် ပြန်ဖြစ်‌မယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင်များက သုံးသပ်ထားသည်။

“ အိမ်ခြံမြေဈေးကွက်မှာ ရှမ်းပြည်ဘက်ကလူတွေက အများဆုံးရင်းနှီးမြှုပ်နှံတယ်။ မြေကွက်ကို အများဆုံးဝယ်ကြတယ်။ ပြီးရင် အထပ်မြင့်အဆောက်အဦးတွေဆောက်တယ်။ Resident ဆောက်ကြတယ်။ လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေကျတော့ အဝယ်ထက် အငှားပိုများတယ်။” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်များဘက်က ဆိုသည်။

နိုင်ငံအတွင်း နယ်မြေမတည်ငြိမ်မှုတွေကြောင့် ပြည်နယ်တွေကနေ ပြည်မတွေထံ ပြောင်းရွှေ့လာကြမှု များပြားခဲ့သည်။ ၎င်းတို့ထဲမှာတော့ ရှမ်းမြောက်ဘက်က ရွှေ့ပြောင်းလာကြသူတွေ ငွေသုံးစွဲနိုင်ကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်တွေကဆိုသည်။

တရုတ်စကား ပြောဆိုနိုင်သည့် အကျိုးတော်ဆောင်များကလည်း ရန်ကုန်နှင့် မန္တလေးတို့က အိမ်ခြံမြေနဲ့ ကွန်ဒိုတွေအား TikTok လို လူမှုကွန်ယက်ကတဆင့် မိတ်ဆက်ခြင်းဖြင့် အရောင်း၊ အငှားကို ခပ်သွက်သွက် လုပ်ဆောင်နိုင်မှုတွေရှိလာနေသည်။

“အဝယ်ကတော့ ရှမ်းပြည်ကပိုများတယ်။ ရှမ်းမြောက်ဘက်ကလာတဲ့သူတွေပေါ့။ ရခိုင်ဘက်က ဝင်လာသူတွေကျတော့ အဝယ်မရှိဘူး။ အငှားများတယ်။” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်များက မှတ်ချက်ပေးကြသည်။

လက်ရှိတွင် တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်များကို ရှမ်းပြည်ဘက်မှ အဝယ်များပြီး၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတနှင့် တာမွေ၊ ကျောက်မြောင်းဘက်ရှိ တိုက်ခန်းများကို ရခိုင်ဘက်မှလာသည့် စစ်ဘေးရှောင်များက အငှားများကြောင်း သိရသည်။