ရန်ကုန်မြို့လယ်မှာ ရဲဆိုသူတွေနဲ့ ပူးပေါင်းပြီး တရားမဝင် ငွေလဲလုပ်ကိုင်သူတွေ ပေါ်ပေါက်နေ

မြန်မာနိုင်ငံမှာ တရားမဝင်နိုင်ငံခြားငွေလဲလှယ်တာကို ခွင့်ပြုမထားပေမဲ့ ရန်ကုန်မှာတော့ တရားမဝင်ငွေလဲသူတွေက ရဲတွေနဲ့ပူးပေါင်းကာ ပေါ်ပေါ်ထင်ထင်လုပ်ကိုင်မှုတွေ ရှိလာနေပါတယ်။

ဗဟိုဘဏ်ကနေ တရားမဝင် ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေကို အရေးယူမယ်လို့ ထုတ်ပြန်ပြောဆိုပေမဲ့ ရန်ကုန်မှာတော့ တရားမဝင်ငွေလဲသူတွေက မြို့လယ်ခေါင် နေရာတွေမှာ အာဏာပိုင် ရဲတွေ၊ နယ်ထိန်းတွေနဲ့ပေါင်းပြီး လုပ်စားဂွင်တစ်ခု ဖန်တီးနေတယ်လို့ ရန်ကုန်မြို့ထဲနေ ပြည်သူတွေထံက သိရတယ်။

တရားဝင် ငွေလဲလိုင်စင်မရှိဘဲ လမ်းမတွေပေါ်မှာ ငွေသားတွေ ကိုင်ဆောင်ပြီး လမ်းသွားလမ်းလာတွေကို ငွေလဲဖို့ ခေါ်ယူညှိနှိုင်းတာတွေ လုပ်ကိုင်နေတယ်လို့ မျက်မြင်ကြုံခဲ့ရသူ ကျောက်တံတားမြို့နယ်နေပြည်သူ တယောက်က ပြောပါတယ်။

၎င်းတို့ရဲ့ စည်းရုံးမှုနဲ့ ငွေလဲခဲ့မယ်ဆိုရင် စျေးညှိရာမှာ ပြင်ပကောင်တာတွေက စျေးတန်းထက် နှိမ်ဝယ်ယူလေ့ရှိပြီး ပြောတဲ့စျေးနဲ့ မရောင်းချပါက အနီးအနားကနေ ရဲဆိုတဲ့သူတွေ ရောက်လာပြီးတော့ ခြိမ်းခြောက်ကာ ပြောတဲ့စျေးအတိုင်း ရောင်းချအောင် ဖိအားပေး ရိုက်စားလုပ်နေတာလို့ သိရတယ်။

တရားမဝင်ငွေလဲသူတွေက ဆူးလေဘုရားလမ်း၊ ပန်းဘဲတန်းလမ်းမပေါ်တွေမှာ ပုံမှန်ရှိနေတတ်ပြီး အဖွဲ့လိုက် လုပ်ဆောင်နေကြတာပါ။ ၎င်းတို့နဲ့ ပူးပေါင်းလုပ်ကိုင်နေသူတွေဟာ ရဲအစစ်တွေလား အတည်ပြုလို့ မရပေမယ့် ရဲစခန်းကို တိုင်တန်းတဲ့အခါ အမှုမဖွင့်ပေးတာမျိုး တွေလည်း ရှိနေပါတယ်။

ဗဟိုဘဏ်ဘက်ကတော့ နိုင်ငံခြားငွေကစားသူတွေနဲ့ ဟွန်ဒီလုပ်ငန်း လုပ်ကိုင်သူတွေကို အရေးယူမယ်လို့ သတိပေးထားပြီး နိုင်ငံခြားငွေကြေးတွေကို တရားဝင် လိုင်စင်ရှိရာ ငွေလဲကောင်တာတွေမှာပဲ ရောင်းဝယ်လဲလှယ်ကြဖို့ အသိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။