ဂယက်ကြီးတွေ ထကုန်ကြတဲ့ Suzuki Ertiga သတင်းနောက်ပိုင်း ကားလောက အခြေအနေ
ဆူဇူးကီး အာတီကာတွေကို SKD စနစ်နဲ့ ပြန်ထုတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းကားဈေးကွက် အကြီးအကျယ် လှုပ်ခတ်မှုတွေရှိလာနေပြီး ဈေးကွက်မှာ ဝယ်လက်ရှားပါးသွားကာ အားလုံးက အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ရန်ကုန်ကားဈေးကွက်အတွင်းကနေ စုံစမ်းသိရှိရပါတယ်။
SKD စနစ်ဆိုတာကတော့ ပြည်ပကနေ ကားအစိတ်အပိုင်းတွေကို တင်သွင်းပြီး ပြည်တွင်းမှာ တစိတ်တပိုင်း တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ စနစ်ပဲဖြစ်ပါတယ်။
အဲ့လို ထုတ်လုပ်မယ့် ဆူဇူးကီး အာတီဂါ 2025 အသစ်စက်စက် ခုံသုံးတန်း ဇီးရိုးကီလို(မော်ဒယ်အသစ်) တွေကို ရန်ကုန်လိုင်စင် အမည်ပေါက်နဲ့ လာမယ့်ရှေ့နှစ်မှာ ရရှိတော့မှာပါ။ စက်ရုံထုတ်စျေးကိုလည်း ကျပ် သိန်း ၁၀၅၀ + ဝင်ငွေခွန်လို့ ကြေညာထားပါတယ်။
ဝါရင့် ကားဝယ်ရောင်းသမားတွေဘက်ကတော့ မူရင်းဈေးကိုက သိန်း ၁ဝဝဝ ကျော်ဖြစ်ကာ ရာဖြတ်၊ ဝင်ငွေခွန်၊ ကညနခွန်တွေကို ပေါင်းလိုက်မယ်ဆိုရင် ကျပ်သိန်း ၁၁၀၀ အောက် ဘယ်လိုမှ မရှိနိုင်ဘူးလို့ ဆိုပါတယ်။
လက်ရှိပြည်တွင်းကားဈေးကွက်မှာ ဆူဇူးကီးအာတီဂါတွေ Type 3 အမျိုးအစားနဲ့ Type 4 အမျိုးအစားကားတွေကို သိန်း ၁ဝဝဝ အထက်မှာသာ ဈေးခေါ်ယူရောင်းချမှုတွေဟာလည်း ယနေ့အထိရှိနေတာဖြစ်ပါတယ်။
အဲ့လို အနေအထားမှာ Suzuki Ertiga 2025 ကားသစ်ကိစ္စ ကြေညာလာခြင်းက ဝယ်သူတွေကို ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ရလာစေသလို၊ ကားစျေးကွက် အကျကို ရောက်လာမယ်လို့ ယုံကြည်မှုတွေအား မြင့်တက်လာစေပါတယ်။ ဒါကြောင့်ပဲ ဈေးကွက် အေးသွားကာ ဝယ်လက်လည်းရှားသွားတဲ့ အခြေအနေ ဖြစ်ပါတယ်။
အခုဆူဇူးကီး အာတီဂါ တွေကို SKD စနစ်နဲ့ ပြန်ထုတ်မယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်တွင်းကားဈေးကွက် သိသိသာသာ ပြောင်းလဲမှုရှိ၊ မရှိဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်လို့ ကားဈေးကွက်ရေးရာ ကျွမ်းကျင်သူတွေက မှတ်ချက်ပေးနေကြပါတယ်။
