ရန်ကုန်မှာ အိမ်ခြံမြေ အငှားအပြင် အရောင်းတွေပါ အတော်လေး သွက်နေ

ရန်ကုန်မြို့ကို ပြောင်းရွှေ့လာကြသူတွေများလာတာကြောင့် အိမ်ခြံမြေတိုက်ခန်း အရောင်းနဲ့အငှားစျေးနှုန်းတွေ မြင့်တက်နေပြီး အကျိုးဆောင်တွေ အလုပ်ဖြစ်နေပါတယ်။

စစ်ရှောင်အများစုဟာ တာမွေ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ တိုက်ခန်းနေထိုင်ကြတာများတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်တွေက ပြောပါတယ်။

” လားရှိုးဘက်က ပြောင်းလာတဲ့သူတွေက မှော်ဘီဘက်မှာ ခြံဝယ်ပြီးနေကြတယ်။ တချို့ကလည်း ရန်ကုန်မြို့လယ်က တိုက်ခန်းတွေဝယ်နေတယ်။ ငှားနေကြတယ်။ ရန်ကုန်မြို့လယ်မှာ သိန်းသောင်းကျော် တန်ဖိုးရှိတဲ့ မြေတွေတော့ မဝယ်နိုင်ကြဘူး” လို့ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဘီဘီစီက ဖော်ပြပါတယ်။

အခြေခံလူတန်းစားတွေအနေများတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ယုဇနအိမ်ရာမှာဆိုရင် ၂၀၂၃ ခုနှစ် က ပထမထပ်တိုက်ခန်း ငှားရမ်းခဟာ ကျပ် ၁ သိန်း ၂ သောင်း ရှိတာကနေ ၂၀၂၄ ခုနှစ်မှာ ကျပ် ၂ သိန်းကနေ ၃ သိန်းခွဲအထိ စျေးပေါက်နေပြီးစျေးဆက်တက်နေပါတယ်။

ဒဂုံ(ဆိပ်ကမ်း)မြို့နယ်၊ ယုဇနအိမ်ရာထဲကို ချင်း၊ စစ်ကိုင်းနဲ့ ကချင်ဘက်ကနေရွှေ့ပြောင်းလာကြသူတွေများတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူတွေကပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းက အိမ်ခြံမြေတွေလည်း အရောင်းအဝယ် လိုက်နေပါတယ်။ အဲဒီနေရာက လုံးခြင်းအိမ်တွေကို ဝယ်တဲ့သူတွေက ရန်ကုန်မြို့လယ်ခေါင်က တိုက်ခန်းတွကို ရောင်းပြီး စျေးပိုသက်သာတဲ့ မြောက်ဒဂုံကို ပြောင်းတာ ဒါမှမဟုတ် နယ်ကလာသူတွေက ရန်ကုန်မြို့လယ်ဘက်ကို မတတ်နိုင်လို့ မြောက်ဒဂုံဘက်မှာ ဝယ်တာမျိုးဖြစ်ပါတယ်။

ဒီလပိုင်းအတွင်း ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းထဲက လူတွေပါ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းလာကြနေကာ လူနေရပ်ကွက်တွေမှာ တိုင်းရင်းသားတွေ အပါအဝင် လူသစ်တွေ ထပ်တိုးလာနေတယ်လို့ သိရပါတယ်။