ပြည်တွင်း လျှပ်စစ်ဓါတ်အား လိုအပ်ချက်အတွက် တရုတ်နှင့်ပူးပေါင်း ထုတ်လုပ်ဖို့ စီစဉ်နေ
မြန်မာနိုင်ငံတွင် လိုအပ်နေတဲ့ လျှပ်စစ်ဓါတ်အားတွေအတွက် LNG ဓာတ်အားပေးစက်ရုံ စီမံကိန်းများကို အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ဒီဇင်ဘာလ ၂၁ ရက် တွင် ထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ LNG ဆိပ်ကမ်း တည်ဆောက်ကာ သဘာဝဓာတ်ငွေ့တွေ ထုတ်ယူပြီး တရုတ်နိုင်ငံနဲ့ မျှဝေသုံးစွဲဖို့ စီစဉ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။
အဆိုပါစီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်းတွေကို စတင်နိုင်ရေးအတွက် ဝန်ကြီးဌာနအဆင့် ပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီဆိုင်ရာ တာဝန်ရှိသူတွေကြား တွေ့ဆုံမှုတွေကိုလည်း စတင်နေပြီဖြစ်ပါတယ်။
ယခုကာလမှာ တစ်ရက်ပျမ်းမျှ ၂၄၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်တာကြောင့် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရဲ့ ၅၅ ရာခိုင်နှုန်းခန့်ကိုပဲ ထုတ်လုပ်ပေးနိုင်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ သိရပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံအဝန်းမှာ လျှပ်စစ်မီး ပျက်တောက်မှုတွေ ဆိုးရွားနေကာ အများပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝတွေအပြင် စက်မှုဇုံ အပါအဝင် ကုန်ထုတ်လုပ်မှုပိုင်းမှာပါ ထိခိုက်မှု ကြီးမားနေတာပါ။
အခုချိန်ခါမှာ လက်ရှိဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က အများပြည်သူထံ ပန်ကြားကြောင်းလည်း တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။
