အခွန်ပြောင်းကောက်မှုမှာ ကုန်သည်တွေ အရှုံးခံမှာ မဟုတ်ဘဲ ကုန်စျေးနှုန်း တက်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေ ဆို
တင်သွင်း၊ တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် ဈေးကွက်ငွေလဲနှုန်း (Marker Trading Rate) ဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ၊ တစ်ရက်နေ့မှစတင်ကာ အခွန်ပြောင်းလဲကောက်ခံသွားမည်ဟု အကောက်ခွန်ဦးစီးဌာနက ဒီဇင်ဘာ ၂၇ရက်တွင် ကြေညာထားသည်။
ပို့ကုန်၊ သွင်းကုန်များကို အမေရိကန် ၁ ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် အကောက်ခွန်ကောက်ခံနေရာမှ ၂၀၂၅ ခုနှစ်ကစပြီး အမေရိကန် ၁ ဒေါ်လာ ငွေကျပ် ၃၅၈၈ ကျပ်ဖြင့် ပြောင်းလဲ ကောက်ခံမယ်လို့ ကြေညာလိုက်ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်ထွက်အပြီး စီးပွားရေးပညာရှင်တစ်ဦးက “အခွန်မြှင့်လိုက်တဲအခါကျတော့ ပြဿနာကဘာရှိလဲဆိုရင် ပစ္စည်းတွေစျေးကြီးကုန်တာပေါ့။ ကုန်သည်တွေက ဘယ်အရှုံးခံမလဲ။ တန်ဖိုးရင်းပေါ်မှာ အဲဒီအခွန်တွေ ပါထည့်ပေါင်းလိုက်မှာပေါ့၊ နောက်ဆုံးတော့ လူထုကပဲခံရတာ” လို့ သုံးသပ်သည်။
ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များကလည်း ဒီအပြောင်းအလဲကြောင့် ကုန်ပစ္စည်းစျေးနှုန်းများ နှစ်ဆခန့်စျေးမြင့်တက်နိုင်ကြောင်း ဝန်ခံသည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးကလည်း “ အရင်ကထက် နှစ်ဆလောက်တော့ဖြစ်သွားမှာပေါ့၊ အရင်က တစ် သိန်းဆောင်ရရင် အခုနှစ်သိန်ပေါ့၊ အရင်က ၅ သိန်းဆို အခု ၁၀ သိန်းပေါ့။
အဲ့ဒီတော့ ပို့ကုန်သွင်းကုန်သမားတွေအတွက်ကတော့ အခွန်ပိုဆောင်လာရပြီဆိုရင် လုပ်ငန်းတွေ ကိုက်လားမကိုက်လားတွက်မယ်၊ ဒီပေါ်မှာ မူတည်ပြီး တော့ အလုပ်ဆက်လုပ်ကြမယ်၊ မကိုက်တဲ့သူတွေကတော့ အလုပ်ကို လျော့လုပ်ကြလိမ့်မယ်” ဟု ပြောသည်။
တချို့သော လုပ်ငန်းရှင်များကမှု ဒီအပြောင်းအလဲဟာ ပြည်တွင်းမှာ စျေးတန်းအမျိုးမျိုးဖြစ်ပေါ်နေတဲ့ ဒေါ်လာစျေးကို တန်းတစ်ခုမှာ စျေးတန်းညီသွားစေခြင်းကြောင့် ကုန်စျေးနှုန်း အတက်ကြမ်းခြင်းကို ရေရှည်မှာ ထိန်းသွားနိုင်မယ်လို့ မြင်နေကြတာမျိုးလည်း ရှိနေသည်။
