နှစ်သစ်ကူးမှာ ဘာလုပ်ကြမယ်ဆိုတာကို တိုးတိုးတိတ်တိတ်ပဲ ပလန်လာကြတဲ့ မြန်မာပြည်သူတွေ
မကြာခင်မှာ ၂၀၂၅ ခုနှစ်ကို စတင်ကူးပြောင်းတော့မှာဖြစ်ကာ ဒီဇင်ဘာ ၃၁ရက်ညမှာ ဘာလုပ်မယ်ဆိုတာကို ရင်းနှီးသူတွေနဲ့ပဲ တိုးတိုးတိတ်တိတ် တိုင်ပင်ဖြစ်တယ်လို့ လူငယ်အသိုင်းအဝိုင်းက ဆိုပါတယ်။
မြို့ကြီးတွေမှာတော့ လူငယ်တွေဟာ နှစ်သစ်ကူးည Countdown တွေကို သွားဖို့ထက် သီးသန့်နေရာတွေမှာပဲ လူရင်းတွေချင်း စုဝေးလိုကြတယ်လို့ သိရတယ်။ ခေတ်အခြေအနေအရ ပေါ်တာကိစ္စတွေကို ကြောက်ရတဲ့အပြင် ပျော်ပွဲရွှင်ပွဲတွေကြောင့် ဝေဖန်တိုက်ခိုက်ခံရမှုတွေကို စိတ်ရှုပ်ထွေးတယ်လို့လည်း ဆိုကြပါတယ်။
မြို့ကြီးတွေက ဘားနဲ့ ကလပ်တွေလို နေရာတွေကလည်း နယူးရီးယား သီးသန့်အစီအစဉ်တွေနဲ့အတူ ယုံကြည်ရသူတွေကိုပဲ လက်ခံမယ့် သီးသန့်ဆန်တဲ့ ပွဲမျိုးတွေကို စီစဉ်လာကြပါတယ်။
လူငယ်တွေက လူသိထင်ရှားဖြစ်မယ့် ပွဲမျိုးတွေကို ရှောင်လိုလာကြချိန်မှာ လူလတ်ပိုင်းအရွယ်တွေကလည်း နေအိမ်တွေမှာ ဆွေးမျိုးသားချင်းတွေ စုဝေးကြတာမျိုးကမှသည် ဟိုတယ်တွေမှာ မိသားစုတွေ၊ ဇနီးမောင်နှံတွေ အတူတကွ ပျော်ရွှင်စွာ အချိန်ကုန်ဆုံးတာမျိုးကို ပိုမိုရွေးချယ်လာကြတာပါ။
ရန်ကုန်က နာမည်ကြီးဟိုတယ် အများအပြားမှာဆိုရင် ဒီဇင်ဘာလ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ ရက်အတွက် အခန်းတွေ အပြည့်ဖြစ်နေကြောင်း တရားဝင် ကြေညာလာကြပါတယ်။
ယခင်က နှစ်သစ်ကူးညတွေကို အများပြည်သူဆိုင်ရာ နေရာတွေမှာ လူစုလူဝေးဖြင့် စုဝေးကြမှုတွေ များပြားခဲ့ပေမယ့် ဒီဘက်နှစ်တွေမှာတော့ အခြေအနေ အကြောင်းကိစ္စတွေက မိသားစုဆွေမျိုးတွေ သူငယ်ချင်းအသိုင်းအဝိုင်းတွေဖြင့် သီးသန့်ဖြတ်သန်းမှုမျိုး ခေတ်စားလာဖို့ တွန်းအားဖြစ်လာစေပါတယ်။
နှစ်သစ်ကူးကာလမှာ မြန်မာနိုင်ငံ နာမည်ကြီးဒေသတွေအပြင်၊ ထိုင်းလို အိမ်နီးနားချင်း နိုင်ငံတွေကို ခရီးထွက်သူတွေလည်း များပြားတယ်လို့လည်း သိရပါတယ်။
