၂၀၂၅ ခုနှစ်အဝင်မှာတင် ရန်ကုန်မှာ မီးပျက်မှု စံချိန်တင်၊ လျှပ်စစ်ဌာန နီးစပ်သူဘက်က အသံအချို့ ထွက်လာ
ရန်ကုန်မှာ မီးပျက်ချိန်ပိုများနေတဲ့အတွက် ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး ၂၄ နာရီအတွင်း မီးရချိန်ဟာ ၁၂ နာရီအောက်ကို စတင် ရောက်ရှိနေတယ်လို့ ရန်ကုန်မြို့နေထိုင်သူတွေက ဆိုပါတယ်။
နိုင်ငံတဝန်း လျှပ်စစ်ဓါတ်အားဟာ ၄ နှစ်အတွင်း အနိမ့်ဆုံးစံချိန်တင်ထုတ်လုပ်မှုကို ရောက်ရှိနေခြင်းနဲ့အတူ ထုတ်လုပ်မှုရဲ့ ရာနှုန်းအများဆုံး သုံးစွဲနေတဲ့ ရန်ကုန်မှာပါ မီးပျက်ချိန် ပိုမိုတိုးလာနေတာပါ။ ၂၀၂၅ နှစ်သစ်ဝင်လာချိန်ကစပြီး မနက် (၀၁:၀၀ မှ ၀၅:၀၀) နာရီကိုပါ မီးဖြတ်ချိန် တချိန် ထပ်တိုးလာနေတာပါ။
လျှပ်စစ်ဌာနနှင့် နီးစပ်သူ တစ်ဦးကတော့ ” မနက် ၁ နာရီမှ ၅ နာရီအထိ Load Shed တချိန်ထပ်တိုးထားပါတယ်။ အုပ်စု A နဲ့ အုပ်စု B တို့ကို တခုလျှင် လေးနာရီ အလှည့်ကျ ဓာတ်အားပေးမည်ဖြစ်ပြီး လိုအပ်ပါက အရေးပေါ်ဝန်အားလျော့မှုများ ရှိနိုင်ပါသည်။
တဆက်တည်း ၈နာရီ မီးပိတ်မည် မဟုတ်ပါကြောင်း ရှင်းလင်းအပ်ပါတယ် ” ဆိုကာ မြို့နယ်တွေမှာ အများစိုးရိမ်နေသလို ၈ နာရီတောက်လျှောက် မီးဖြတ်မှု မဖြစ်ပေါ်ရေး ကြိုးစားနေတယ်လို့ ဆိုပါတယ်။
လျှပ်စစ်မီးထုတ်လုပ်နိုင်မှု ပမာဏ တဖြည်းဖြည်း လျော့ကျလာတဲ့အတွက် လျှပ်စစ်မီးရရှိချိန်လည်း ပိုမိုနည်းပါးလာကာ လာမယ့် နွေရာသီမှာ အခုထက် မီးပိုပျက်လာနိုင်တယ်လို့ မြို့နယ်လျှပ်စစ်ဌာနတွေထံက သိရပါတယ်။
လျှပ်စစ်နဲ့နီးစပ်သူတွေကတော့ လျှပ်စစ်ထုတ်လုပ်နိုင်မှု အလွန်အမင်း လျော့ကျနေခြင်းကို စိတ်ပူးနေကြပြီး ဒီနှုန်းအတိုင်းဆိုရင် နွေရာသီမှာ တနေ့ ၈ နာရီအောက်သာ မီးပေးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုမှုတွေလည်း ရှိလာနေပါတယ်။
