အရောင်းအဝယ် ပြန်ဖြစ်လာတဲ့ ရန်ကုန် အိမ်ခြံမြေစျေးကွက်

၂၀၂၄ တစ်နှစ်လုံး အရောင်းအဝယ် အေးစက်ပြီး အကျပိုင်းရောက်နေခဲ့တဲ့ ရန်ကုန်အိမ်ခြံမြေစျေးကွက်ဟာ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ ခုနှစ်အစမှာ အလုပ်ဖြစ်စပြုလာနေပါတယ်။

နိုင်ငံတဝန်းဖြစ်ပေါ်နေတဲ့ နယ်မြေမတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့ပေါ်ကို စစ်ဘေးရှောင်သူများပြားလာခြင်းနှင့်အတူ အိမ်ခြံမြေဈေးကွက်ဟာလည်း ယခင်က အငှားပဲ တဟုန်ထိုးများလာပေမယ့် အရောင်းအဝယ်ပိုင်းပါ လှုပ်ခတ်မှုတွေ ရှိလာနေတာပါ။

တာမွေ၊ စမ်းချောင်း၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သာကေတ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မှော်ဘီနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွေမှာ တိုက်ခန်း ငှားရမ်းမှုတွေ အများကြီး တိုးတက်လာနေပြီး အခန်းငှားရမ်းခ နှုန်းထားတွေကလည်း ယခင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဆတိုးတက်လာနေပါတယ်။

အခြေခံလူတန်းစားများ နေထိုင်မှုများတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ ယုဇနအိမ်ရာရှိ အခန်းခများတောင်မှပဲ ၂၀၂၃ ခုနှစ်တွင် ပထမထပ်တိုက်ခန်း ငှားရမ်းခ ကျပ် ၁ သိန်း ၂ သောင်း ရှိရာမှ ၂၀၂၄ ခုနှစ်တွင် ကျပ် ၂ သိန်းမှ ၃ သိန်းခွဲအထိ စျေးပေါက်နေပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်း အပါအဝင် ရန်ကုန်မြို့နယ်အချို့မှာ အိမ်ခြံမြေတွေကလည်း အရောင်းအဝယ် ပြန်ရှိနေကာ စျေးတန်းအားဖြင့်ကတော့ မတည်ငြိမ်လှဘဲ ရောင်းသူ ဝယ်သူ ကြိုက်စျေးဖြစ်ရင် အရောင်းအဝယ်တည့်သွားတဲ့ အခြေအနေဖြစ်ပါတယ်။

သန်လျင်နဲ့ ရန်ကုန်မြို့ထဲတွေက ကွန်ဒိုအခန်းကောင်းတွေကိုတော့ အငှားတင် မဟုတ်ဘဲ အဝယ်ပါ စိတ်ဝင်စားမှု များပြားပါတယ်။ အထူးသဖြင့် ရှမ်းမြောက်ဘက်ကနေ ပြောင်းရွှေ့လာကြသူတွေဟာ စျေးပေးနိုင်စွမ်းရှိပြီး အရောင်းအဝယ် အဓိကဖြစ်နေစေတဲ့ ဝယ်လက်တွေဖြစ်ပါတယ်။

ဒီနှစ်အတွင်း ရန်ကုန်မှာ တရုတ်စကားပြောနိုင်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ ပိုမို အလုပ်ဖြစ်လာနေသလို weibo နဲ့ tiktok လို လူမှုကွန်ယက် တွေ အသုံးပြုကာ ဝယ်လက်ရှာတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေလည်း များပြားလာနေတယ်လို့ သိရပါတယ်။