ပြည်တွင်းထုတ် ဓာတ်ဆီတွေကို မြို့ကြီး ၂ မြို့မှာ စတင် ထုတ်ရောင်းနေပြီ

နေပြည်တော်နဲ့ မန္တလေးတိုင်းထဲက နိုင်ငံပိုင်စက်သုံးဆီဆိုင်အချို့မှာ ပြည်တွင်းထုတ် RON-68 ဓာတ်ဆီတွေကို ဇန်နဝါရီ ၄ ရက် ကနေစပြီး ထုတ်ရောင်းနေပြီ ဖြစ်ပါတယ်။
နေပြည်တော်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးက ဓာတ်ဆီအရောင်းဆိုင် တစ်ဆိုင်နဲ့ မန္တလေးတိုင်းထဲက ဓာတ်ဆီအရောင်းဆိုင် ၂ ဆိုင်မှာ RON-68 ဓာတ်ဆီ တစ်လီတာကို ၂၂၀၀ စျေးနဲ့ ရောင်းချပေးနေတာပါ။
ပြည်တွင်းထုတ် ဓာတ်ဆီတွေကို စျေးကွက်ထဲ ရောင်းချသွားမယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောပြီး ရက်ပိုင်းအကြာမှာပဲ အခုလိုရောင်းချလာတာဖြစ်သလို အခြားသော မြို့ကြီးတွေမှာပါ ဆက်ပြီးရောင်းသွားမယ်လို့ ဆိုပါတယ်။
အခု ထုတ်ရောင်းတဲ့ဓာတ်ဆီတွေကို ရန်ကုန် သံလျင်ရေနံချက်စက်ရုံ နဲ့ မကွေးတိုင်း ချောက်မြို့နယ်ထဲက မန်းသံပရာကန် ရေနံချက်စက်ရုံတွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်းထုတ်လုပ်သွားဖို့လည်း ရည်မှန်းထားပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက ရောင်းချတဲ့ ပြည်တွင်းထုတ် RON-68 အမျိုးအစားဓာတ်ဆီကို မော်တော်ယာဥ်တွေထဲမှာ ထည့်သွင်းသုံးရင် စက်အင်ဂျင်ထိခိုက်နိုင်တယ်လို့ ထောက်ပြကြတဲ့ စက်မှုအင်ဂျင်နီယာတွေလည်း ရှိပါတယ်။
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ညွှန်ကြားရေးမှူးကတော့ အခုဓာတ်ဆီဟာ ပြည်ပက တင်သွင်းတဲ့ စျေးထက် သက်သာတယ်လို့ပြောပြီး မော်တော်ဆိုင်ကယ်နဲ့ သုံးဘီး၊ မီးစက်တွေ၊ စက်လှေတွေမှာ အသုံးပြုနိုင်တယ်လို့ ပြောထားပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာရှိတဲ့ မော်တော်ယာဥ်တွေမှာ အသုံးပြုနေတဲ့ ဓာတ်ဆီဟာ RON-92 နဲ့ RON-95 အမျိုးအစားတွေဖြစ်ပါတယ်။