လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တောင်းပန်စာ ထုတ်နေရချိန် ရန်ကုန်တွင် မီးစက်နှင့်ဆိုလာ ကုန်စည်ပြပွဲ ကျင်းပမည်

လက်ရှိတွင် ဖြစ်ပေါ်နေသော ဓာတ်အားလျော့နည်းဖြန့်ဖြူးပေးနိုင်မှုအပေါ် နားလည်ခွင့်လွှတ်ပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဇန်နဝါရီ (၆)ရက်က အသိပေးပန်ကြားလာပါတယ်။

ဓာတ်အားလိုင်းများ ဖျက်ဆီးခံရကာ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့နည်းနေကြောင်းနဲ့ ရာဂီမုန်တိုင်း သက်ရောက်မှုကြောင့် အထက်ပေါင်းလောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ဓာတ်အား ပိတ် ထိန်းသိမ်းပြုပြင်မှုများ ဆောင်ရွက်နေရတယ်လို့ သိရတယ်။

ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသည့်အတွက် ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၂၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး ထုတ်လုပ်နိုင်မှုရဲ့ ပျမ်းမျှ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ကြောင်းလည်း ပန်ကြားချက်တွင် ပါရှိပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ပြည်သူတွေကို တောင်းပန်လာရချိန် ရန်ကုန်မှာတော့ မြန်မာနှင့် တရုတ် ကုမ္ပဏီတွေ ပူးပေါင်းပြီး မီးစက်နှင့်ဆိုလာ ကုန်စည်ပြပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

အဆိုပါ မီးစက်နှင့် စွမ်းအင်သိုလှောင်မှု ကုန်စည်ပြပွဲကို ဇန်နဝါရီ ၁၀ ရက်နေမှသည် ၁၂ ရက်အထိ ရန်ကုန်မြို့ ကွန်ဗင်းရှင်းစင်တာမှာ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မှာဖြစ်ပါတယ်။

ပြပွဲတွင် ဆိုလာနှင့် မီးစက်များအပြင် အီလက်ထရွန်းနစ် ထုတ်ကုန်များလည်း ပါဝင်ပြသသွားဖို့ရှိကာ ကုန်စည်ပြပွဲတွင် မြန်မာနှင့် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၈၀ ကျော်က ဆိုင်ခန်း ၁၅၀ ပါဝင်ခင်းကျင်းပြသမယ်လို့ ကြေငြာထားပါတယ်။