ဗဟိုဘဏ်ဘက်က နိုင်ငံခြားငွေတွေ ရောင်းထုတ်လာနေပြီး ပြင်ပစျေးကွက်မှာ ဒေါ်လာစျေး တက်နေ

၂၀၂၅ ခုနှစ် နှစ်စမှာ ဗဟိုဘဏ်က နိုင်ငံခြားငွေများဖြစ်တဲ့ ဒေါ်လာ၊ ထိုင်းဘတ်နှင့် ယွမ်များကို ဆက်တိုက် ထုတ်ရောင်းမှုတွေ လုပ်လာနေပါတယ်။

နှစ်သစ်ရဲ့ ပထမအပတ်မှာတင် အမေရိကန် ဒေါ်လာ သန်း (၅၀) ကျော်၊ ထိုင်းဘတ် (၅) သန်းကျော် နှင့် တရုတ်ယွမ် (၁) သန်းကျော်ကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်းကို ငွေလဲနှုန်း ၃၅၈၈ ဖြင့် ရောင်းချခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၆ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၂၅ သန်းကို ငွေလဲနှုန်း ၃၅၉၁ ကျပ်ဖြင့် ဗဟိုဘဏ်ဘက်က ရောင်းချပေးလာခြင်းဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ငွေလဲနှုန်းတွေဟာ စျေးနှုန်းအပြောင်းအလဲတွေ ရှိလာနေပြီး ထိုင်းဘတ်နဲ့ တရုတ်ယွမ်တို့ကို ရောင်းချရာမှာလည်း ငွေလဲနှုန်း အနည်းငယ် တက်လာနေပါတယ်။

ပြင်ပဈေးကွက်မှာတော့ နှစ်ကုန်ခါနီးထိ ဆက်တိုက် တည်ငြိမ်နေတဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ဖြေးဖြေးချင်း ပြန်တက်လာနေပါတယ်။ ယနေ့တွင် ဗဟိုဘဏ်ပြင်ပ ပေါက်စျေးအဖြစ် အမေရိကန်တစ်ဒေါ်လာ (၄၅၀၀) ကျပ်ဝန်းကျင်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၁) ကျပ်နှင့် တရုတ်ယွမ် တစ်ယွမ် (၆၁၉)ကျပ် စျေးတန်းကို ရောက်နေပါတယ်။

ပြည်တွင်းရွှေစျေးတွေဟာလည်း ၆၁ သိန်းအောက်မှာပဲ ရှိခဲ့ရာကနေ ဒေါ်လာစျေး ပြန်တက်လာမှုကြောင့် ၆၃ သိန်းအထက်ကို ပြန်ရောက်လာနေပြီဖြစ်ပါတယ်။