မြန်မာပြည် တဝန်းမှာ ဝယ်သူတွေ ကျိတ်ကျိတ်တိုးနေတဲ့ ခေတ်ပေါ် စီးပွားရေး

ပြည်တွင်း လျှပ်စစ်မီး အခြေအနေ အဆိုးရွားဆုံး အနေအထားကို ရောက်ရှိနေချိန် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဆိုလာစနစ်သုံး ဆက်စပ်ပစ္စည်းအပါအဝင် မီးစက်တွေထိ ရောင်းအားသွက်နေပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်က တရက် ၄ နာရီ ပေး ၈နာရီပျက် စနစ်ဖြင့် အလှည့်ကျ မီးပေးနေတဲ့နောက် ဈေးကွက်အတွင်း မီးစက်နှင့် အိမ်သုံးဆိုလာ အရောင်းပစ္စည်းတွေ ပိုမိုမျက်နှာပွင့်လာနေခြင်းဖြစ်ပါတယ်။
ကိုယ်ပိုင် ဆိုလာစနစ် တပ်ဆင်ရ ပိုမိုလွယ်ကူတဲ့ အထက်မြန်မာပြည် မန္တလေးဘက်မှာတော့ 3KV, 5KV အမျိုးအစား Inverter များကို ဝယ်ယူမှု အများဆုံးဖြစ်တယ်။ ရန်ကုန်မှာတော့ ဆိုလာ တပ်ဆင်ရ မလွယ်ကူခြင်းကြောင့် အရည်အသွေးကောင်းမွန်တဲ့ Battery အမျိုးအစားတွေဖြင့် ချိတ်ဆက် ဝယ်ယူလာနေကြပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးက Yangon Convention Center (YCC) မှာဆိုရင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ၁၂ ရက် နေ့လယ် ၂ နာရီအထိ ကျင်းပမယ့် မီးစက်နှင့် ဆိုလာ ကုန်စည်ပြပွဲ စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။
မြန်မာနှင့် တရုတ် ကုမ္ပဏီတွေ ပူးပေါင်းပြီး ကျင်းပနေတဲ့ ဒီအရောင်းပြပွဲမှာ ကုန်အမှတ်တံဆိပ် ၇၀ ကျော် ပါဝင်ပြသနေကာ ဆိုလာ၊ အင်ဗာတာနဲ့ ဘတ္ထရီတို့လို ကုန်စည်တွေရဲ့ အားသာချက်တွေကို ပြပွဲလာသူတွေထံ အပြိုင်ရှင်းပြနေကြတာကို တွေ့ရပါတယ်။
ဆံသ၊ အလှပြင်ဆိုင်၊ အကြော်စုံ လုပ်ငန်း၊ ကျောက်သွေး၊ သံဂဟေ၊ ကွန်ပျူတာစာစီစာရိုက်၊ ဖုန်းပြုပြင်ရေးလုပ်ငန်း၊ အအေးဆိုင်စသည့် တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းများဟာလည်း လုပ်ငန်းတွေ မရပ်တန့်ဘဲ ဆက်လက် လည်ပတ်နိုင်ဖို့ မီးစက်အပြင် အိမ်သုံး အင်ဗာတာ (သို့) ဆိုလာစနစ်ကို တပ်ဆင်လာရတယ်။
အိမ်သုံး၊ ရုံးသုံး၊ လုပ်ငန်းသုံးဖို့ရာ အရန်မီးပေးစနစ်အတွက် ငွေကြေးတတ်နိုင်သူများက မီးစက် (သို့) ဆိုလာစနစ်တွေကို အနည်းဆုံး ကျပ်သိန်း ၄၀ မှ သိန်းရာဂဏန်း ဝန်းကျင် အကုန်အကျခံ တပ်ဆင်လာကြတယ်။ အခြေခံလူတန်းစားအများစုဟာလည်း ဆိုလာဗန်းသေးလေးတွေနဲ့ ၁၂ ဗို့ဘက်ထရီအိုးသေးလေးတွေ ဝယ်ယူကြမှု များပြားလာတယ်လို့ သိရပါတယ်။
လက်တလောမှာတော့ ရပ်ကွက်တွေအတွင်း ဖယောင်းတိုင် ဝယ်ယူမှု များပြာခြင်းကြောင့် ရောင်းအားတွေလည်း မြင့်တက်လာပြီး ၆ တိုင်ထုတ်တွေ အပါအဝင် ဖယောင်းတိုင် စျေးတွေလည်း တက်လာနေတယ်လို့ သိရပါတယ်။