လျှပ်စစ်မီးလိုအပ်ချက်ကို ကျော်ဖြတ်ဖို့ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားလာကြသူများ

လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်မှုနဲ့အတူ နေ့စဉ် လူမှုဘဝတွေမှာ ကြီးမားတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့နောက် ကိုယ်ပိုင်နည်းလမ်းတွေဖြင့် ဖြေရှင်းဖို့ ရန်ကုန်မြို့နေ ပြည်သူတွေက စတင်ကြိုးစားလာနေပါတယ်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဘက်က တရက် ၄ နာရီ ပေး ၈နာရီပျက် စနစ်ဖြင့် အလှည့်ကျ မီးပေးနေတဲ့နောက် လျှပ်စစ်မီးလိုအပ်ချက်ဟာ အကြီးအစားနဲ့ အသေးစား လုပ်ငန်းရှင်တွေ ပေါများတဲ့ ရန်ကုန်လို စီးပွားရေးမြို့တော်အတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာနေတာပါ။

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းဘေးက Yangon Convention Center (YCC) မှာဆိုရင် ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က စတင်ပြီး ၁၂ ရက် နေ့လယ် ၂ နာရီအထိ ကျင်းပမယ့် မီးစက်နှင့် ဆိုလာ ကုန်စည်ပြပွဲ စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။

ဈေးကွက်အတွင်း မီးစက်နှင့် အိမ်သုံးဆိုလာ အရောင်းပစ္စည်းတွေ ပိုမိုမျက်နှာပွင့်လာနေချိန် အဆိုပါပြပွဲကို စိတ်ဝင်စားမှုမြင့်တက်နေပြီး လာရောက်လေ့လာသူ များပြားတာတွေ့ရပါတယ်။ ပြပွဲရဲ့အပြင်ဘက် ကန်ရိပ်သာလမ်းမှာဆိုရင် ပွဲလာတဲ့ အိမ်စီးကားတွေနဲ့ ပြည့်ကြပ်နေတာမျိုးလည်း သိသာစွာ မြင်ရပါလိမ့်မယ်။

ပြပွဲမှာတော့ ကျပ် ၁၀ သိန်းဝန်းကျင် အိမ်သုံး ဝပ် ၅၀၀ power station တွေကနေ ကျပ်သိန်းထောင်ချီတဲ့ လုပ်ငန်းသုံး ဆိုလာစွမ်းအင်သုံး power station မျိုးတွေအထိ ပါဝင်ပါတယ်။

ပြပွဲကို လာရောက်သူအများစုက မီးချောင်း၊ ပန်ကာ၊ လပ်တော့လို ပစ္စည်းတွေကို ၅ နာရီဝန်းကျင် အသုံးပြုလို့ရမယ့် စရိတ်နည်းတဲ့ power station ကို မေးမြန်းမှုများတယ်လို့ အရောင်းဝန်ထမ်းတွေက ပြောပါတယ်။

အသေးစားလုပ်ငန်းရှင်တွေကို မေးမြန်းကြည့်ရာမှာ ရေရှည်အဆင်ပြေနိုင်မယ့် အိမ်သုံး၊ လုပ်ငန်းသုံး ဆိုလာစနစ်ကို စိတ်ဝင်စားပြီး ကျပ် သိန်း ၂၀၀ ဝန်းကျင်ထိ အကုန်အကျခံဖို့ ရည်မှန်းထားတယ်လို့ ဆိုတယ်။ သိန်းထောင်ချီတန်ကြေးရှိ ဆိုလာစနစ်ရဲ့ အာမခံချက်တွေကို မေးမြန်းကြတဲ့ လုပ်ငန်းရှင် အချို့လည်း ရှိပါတယ်

တိုက်ခန်းနေထိုင်သူ အချို့လည်း မြင်တွေ့ရပြီး ဆိုလာ မပါဝင်ဘဲ အားသွင်းပြီး ပြန်သုံးနိုင်မယ့် သိန်း ၅၀ ကနေ သိန်း ၁၀၀ ဝန်းကျင် ဆိုလာစနစ်ကို စိတ်ဝင်စားကြတယ်လို့ မေးမြန်းသိရှိရပါတယ်။