လုပ်ငန်းရှင်တွေအတွက် ဗဟိုဘဏ် ဒေါ်လာထုတ်ရောင်းမည် ကြေညာ

ပြည်တွင်းမှာ စက်သုံးဆီစျေးနှုန်း အတက်ပြလာချိန် ဗဟိုဘဏ်ဘက်က ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ကြေညာသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၁၃ ရက် ရက်စွဲဖြင့် ကြေညာလာခြင်းဖြစ်သည်။

ပြည်တွင်းမှာ ဇန်နဝါရီလ ပထမအပတ်ကစလို့ ဒေါ်လာစျေး ပြန်တက်လာရာမှာ လက်ရှိ ဗဟိုဘဏ်ပြင်ပ ဒေါ်လာစျေးမှာ ၁ ဒေါ်လာကို ၄၅၅၀-၄၆၃၀ ကြားထံ မြင့်တက်လာနေသည်။ ဗဟိုဘဏ်ဘက်က ဇန်နဝါရီလ ပထမအပတ်မှာတင် ဒေါ်လာ သန်း ၅၀ ကျော်ကို ရောင်းချပေးလာနေသည်။

လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်မှုနဲ့အတူ နေ့စဉ် လူမှုဘဝတွေမှာ ကြီးမားသော ပြဿနာတွေကို ရင်ဆိုင်နေရတဲ့နောက် ကိုယ်ပိုင်နည်းလမ်းတွေဖြင့် ဖြေရှင်းဖို့ ရန်ကုန်မြို့နေ ပြည်သူတွေက စတင်ကြိုးစားလာနေသည်။

မီးပျက်ချိန်များလာရာက လုပ်ငန်းသုံးမီးစက် အသုံးပြုမှု ဆတိုး မြင့်တက်လာခြင်းဟာလည်း စက်သုံးဆီးစျေးအပေါ် သက်ရောက်လာနေသည်။ ဒါကြောင့် အရန်လျှပ်စစ်အတွက် အခြားသော ရွေးချယ်စရာတွေကို အသေးစားနဲ့ အကြီးစား လုပ်ငန်းရှင်တွေ စတင်ရှာဖွေလာနေသည်။

တချိန်တည်းမှာ ဈေးကွက်အတွင်း မီးစက်နှင့် အိမ်သုံးဆိုလာ အရောင်းပစ္စည်းတွေ ပိုမိုမျက်နှာပွင့်လာနေကာ ပစ္စည်းပြတ်လပ်သည်ထိ ဝယ်လိုအားမြင့်တက်နေသည်။

ပြည်တွင်း ဆိုလာစျေးကွက်သည် အမေရိကန်ဒေါ်လာ သန်းရာချီ လည်ပတ်နေသည့် စျေးကွက်ကြီးတစ်ခုအဖြစ် တိုးပွားလာနေကြောင်း သိရသည်။