ကမ္ဘာ့လေထု ညစ်ညမ်းမှု အများဆုံး ထိပ်ဆုံး ၂ မြို့ထဲ ရန်ကုန်မြို့ ပါဝင်လာ

ဒီနေ့ ဖေဖော်ဝါရီ (၃) ရက် မနက် (၈) နာရီခွဲအချိန်တိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းမှာ အဆင့် (၂) အထိရောက်ရှိခဲ့ပါတယ်။
လေထုအရည်အသွေးတိုင်းတာတဲ့ AQI ညွှန်းကိန်းမှာ (၂၂၆) အထိရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ လေထုအညစ်ညမ်းဆုံးနေ့အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
နေ့လယ် (၂) နာရီအချိန်မှာတော့ AQI ညွှန်းကိန်း (၁၆၀) ကိုပြန်ကျကာ ရန်ကုန်ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့စာရင်းရဲ့ အဆင့် (၁၄) ကို ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့ရဲ့ လေထုဟာ အလွန်အမင်း ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လေထုအခြေအနေလို့ IQAir မှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့က ကမာရွတ်၊ ဒဂုံ နဲ့ ဗဟန်းမြို့နယ်တွေမှာ လေထုညစ်ညမ်းမှုအများဆုံး အခြေအနေပါ။
ရန်ကုန်မှာ လေထုညစ်ညမ်းနေတာ ယနေ့မှ ပထမအကြိမ် မဟုတ်ဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်တုန်းကလည်း ရန်ကုန်ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှုအများဆုံးမြို့စာရင်းရဲ့ နံပါတ် (၈) နေရာကို ရောက်ခဲ့ပါသေးတယ်။
ဒါကြောင့် ပြင်ပမှာအားကစားလေ့ကျင့်တာနဲ့ နေအိမ်ပြတင်းတံခါးဖွင့်တာတွေကို ရှောင်ရှားသင့်ပြီး အပြင်ထွက်တဲ့အခါတိုင်း နှာခေါင်းစည်း မက်စ်တပ်သင့်တယ်လို့ အကြံပြုထားပါတယ်။