တာချီလိတ်ကို ထိုင်းဘက်က မီးဖြတ်ပေမယ့် ၂၄ နာရီ မပြည့်ခင်မှာပဲ မြို့မီးပြန်လင်းပြီ

ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းက နယ်စပ်ဖြတ်ကျော်ပေးထားတဲ့ ရှမ်းအရှေ့ တာချီလိတ်မြို့ကို ဒီနေ့ မနက်အစောပိုင်းမှာ မီးဖြတ်ခဲ့ပေမဲ့ ၂၄ နာရီ မပြည့်ခင်မှာပဲ တာချီလိတ်မှာ မီးပြန်ရနေပါပြီ။

တာချီလိတ်မြို့ဓာတ်အားလင်းရေး ဦးဆောင်ကော်မတီကနေပြီး နေ့ချင်းမှာပဲ လာအိုဘက်ကနေ လျှပ်စစ်မီးသွယ်တန်းလို့ မြို့ပေါ် ရပ်ကွက်တွေမှာ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေပိုင်းကစလို့ မီးပြန်လာပြီလို့ မြို့ခံတွေကပြောပါတယ်။

တာချီလိတ်မြို့ဟာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့နဲ့ကပ်လျက်ရှိပြီး လာအိုနိုင်ငံနဲ့လည်း နယ်စပ်ချင်း ထိနေတဲ့ ရွှေတြိဂံ ဒေသထဲမှာ ပါဝင်ပါတယ်။

တာချီလိတ်မှာ ထိုင်းနဲ့ လာအို လျှပ်စစ်ကို အသုံးပြုနေတာဖြစ်ပြီး ထိုင်းက လျှပ်စစ်မီး ဖြတ်တောက်လိုက်တဲ့အခါ လာအိုလျှပ်စစ်ကို အသုံးပြုနိုင်အောင် တာချီလိတ်မြို့ဓာတ်အားလင်းရေး ဦးဆောင်ကော်မတီ(လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း)နေ့တွင်းချင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

‘‘မနက် ၉ နာရီတိတိမှာ မီးပြတ်သွားတာ။ ညနေ ၅ နာရီ ၁၀ မိနစ်လောက်မှာ မီးပြန်လာပြီ။ မီးပြတ်သွားတော့ ဓာတ်ဆီတွေကတော့ အဆမတစျေးတက်နေတယ်’’ လို့ တာချီလိတ်မြို့ခံ တစ်ဦးက ဘီဘီစီကို ပြီးခဲ့တဲ့ မိနစ်ပိုင်းမှာပဲ ပြောပါတယ်။

မြို့ပေါ် ရပ်ကွက် အများစုမှာ လျှပ်စစ်မီး ပြန်ရပြီဖြစ်ပြီး မြို့အစွန် ရပ်ကွက်တချို့လည်း မကြာခင် ရနိုင်မယ်လို့ မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ပြောထားတယ်လို့ Tachileik News Agency က သတင်းဖော်ပြပါတယ်။