မြန်မာလုပ်သား ခေါ်ယူမှုကို လျော့ချဖို့ စင်ကာပူအစိုးရက အသိပေးချက် ထုတ်ပြန်

စင်ကာပူနိုင်ငံတွင်းက လုပ်ငန်းတွေအပြည့်အဝလည်ပတ်နိုင်ဖို့အတွက် မြန်မာနိုင်ငံသားအလုပ်သမားထက် စင်ကာပူအစိုးရက ခွင့်ပြုထားတဲ့တခြားနိုင်ငံတွေက အလုပ်သမားတွေကို ဦးစားပေးခေါ်ယူဖို့ စင်ကာပူလူ့စွမ်းအားအရင်းအမြစ်ဌာနက သူ့နိုင်ငံက အလုပ်အကိုင်အေဂျင်စီတွေကို ဖေဖော်ဝါရီ ၄ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြန်မာက မြို့နယ်အများစုမှာ ညမထွက်ရအမိန့်သက်ရောက်နေသလို မြန်မာနိုင်ငံတွင်းမှာခရီးသွားလာရေးအခက်အခဲရှိတာကြောင့် အခုလိုအကြံပြုရတာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
စင်ကာပူအလုပ်အကိုင်အေဂျင်စီတွေအနေနဲ့ အလုပ်ခေါ်ယူတဲ့နိုင်ငံရဲ့ အခြေအနေကို နားစွင့်ထားဖို့နဲ့ ခရီးသွားလာရေးအခက်အခဲတွေရှိရင် အလုပ်ရှင်တွေကို ကြိုတင်အသိပေးထားဖို့လိုတယ်လို့ ဆိုပါတယ်။
စင်ကာပူကိုမြန်မာကနေ အလုပ်သွားလုပ်ကြတဲ့ လုပ်ငန်းအမျိုးအစားတွေထဲမှာ အိမ်အကူ၊သက်ကြီးစောင့်ရှောက်ရေး၊ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင်စားပွဲထိုးနဲ့ သန့်ရှင်းရေးအလုပ်တွေကို ဦးစားပေးခေါ်တာတွေရှိတယ်လို့သိရပါတယ်။
ဒီဘက်နှစ်တွေမှာတော့ စင်ကာပူဘက်က မြန်မာကအလုပ်သမားတွေကို ခေါ်ယူတာကို တဖြည်းဖြည်းလျှော့ချလာတယ်လို့ မြန်မာကပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတချို့က ပြောပါတယ်။
” နောက်ပိုင်းမှာ စင်ကာပူက အလုပ်တွေ ထိန်းခေါ်တယ်။ ဟိုအရင်က အင်ဂျင်နီယာတွေနဲ့ နည်းပညာပိုင်းဆိုင်ရာသမားတွေကနေ အခြေခံအလုပ်အထိခေါ်တယ်။ အခု နောက်ပိုင်းစင်ကာပူ Demand (အလုပ်ခေါ်စာ) အတော်နည်းသွားတယ်” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
တဖက်မှာလည်း စင်ကာပူမှာရောက်နှင့်ပြီးသားမြန်မာနိုင်ငံသားတချို့ရဲ့ စည်းကမ်းလိုက်နာမှုအားနည်းတာကြောင့် အခုလို မြန်မာလုပ်သားတွေ အလုပ်ခေါ်တာတွေကို သတိထားဖို့ စင်ကာပူအစိုးရက သူ့အေဂျင်စီတွေကို အကြောင်းပြချက်ပေးတာလို့ စင်ကာပူရောက်မြန်မာတချို့က ဝေဖန်နေကြတာလည်းရှိပါတယ်။