စည်းကမ်းပျက် မြန်မာအချို့ကြောင့် နိုင်ငံရပ်ခြားမှာ အနေကြပ်လာတဲ့ မြန်မာပြည်သူများ
ဒီလတွေအတွင်း နိုင်ငံရပ်ခြား သတင်းဌာနတွေမှာ စည်းကမ်းမဲ့ မြန်မာလူမျိုးတွေ အကြောင်း ဖော်ပြချက်တွေဟာ ပိုမို များပြားလာနေပါတယ်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သား အရေအတွက်ဟာ ၅ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ် Global New Light of Myanmar သတင်းစာမှာ ဖော်ပြထားပြီး အများစုမှာ ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်ပထွက်ခွာသွားကြသူတွေပါ။
တရားမဝင် ထွက်ခွာသူတွေ အပါဆိုရင် ပြင်ပရောက် မြန်မာနိုင်ငံသား ၈ သန်း ဝန်းကျင် ရှိနိုင်တယ်လို့လည်း ဆိုကြပါတယ်။ ၎င်းတို့အနက် အများစုမှာ အိမ်နီးချင်းထိုင်းနိုင်ငံမှာ လစာနိမ့် ကာယလုပ်သားများအဖြစ် လုပ်ကိုင်နေကြတယ်လို့ အလုပ်သမားရေးရာ အမြဲတမ်းအတွင်းဝန် ဆိုပါတယ်။
ကျန်မြန်မာအလုပ်သမားများမှာ မလေးရှား ၊ စင်ကာပူ ၊ ဗီယက်နမ်၊ တရုတ် ၊ မော်ဒိုက်ကျွန်းနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ကာတာ နှင့် အခြား အာရှ နှင့် ဥရောပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေကြတယ် သိရပါတယ်။
ပြည်ပနိုင်ငံရောက် မြန်မာတွေ များပြားလာတာနဲ့အမျှ သက်ဆိုင်ရာနိုင်ငံတွေမှာ စည်းကမ်းပိုင်း လိုက်နာမှု အားနည်းမှုတွေလည်း များပြားလာနေတယ်။ အထူးသဖြင့် ထိုင်းနဲ့ စင်ကာပူနိုင်ငံတွေရဲ့ သတင်းစာမျက်နှာတွေမှာ မြန်မာလူမျိုးတွေရဲ့ အကျင့်စရိုက် ဆိုးရွားမှုဟာ မကြာခဏ ဖော်ပြခံလာရတာပါ။
Khaosod English နဲ့ The Nation Thailand လို ထိုင်းသတင်းဌာနတွေမှာ “မြန်မာ” လို့ နာမည်တပ်ထားတဲ့ ရာဇဝတ်မှုတွေကို မကြာခဏ ဖော်ပြမှုတွေ ခပ်စိပ်စိပ် မြင်လာရတယ်။ အဆိုပါ သတင်းတွေထဲမှာတော့ အွန်လိုင်းလိမ်ညာသူတွေနဲ့ ဆက်နွယ်မှုအပြင် လုယက်မှု၊ လူသေဆုံးစေမှုတွေထိ ရာဇဝတ်မှုတွေမှာပါ ပါဝင်လာတာပါ။
စင်ကာပူနိုင်ငံမှာရဲ့ အများပြည်သူ အသုံးပြုရာ နေရာတွေမှာ အခြားသူတွေ အနှောက်အယှက် ဖြစ်စေသူတွေကို “မြန်မာ” နာမည်တပ်ပြီး ဖော်ပြမှုတွေ မကြာခဏ မြင်တွေ့လာရတယ်။ စင်ကာပူအစိုးရက မြန်မာလုပ်သား လျော့ချခေါ်ယူဖို့ အေဂျင်စီတွေကို သတိပေးချက်ဟာလည်း စည်းကမ်းမဲ့ မြန်မာတွေကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုလို့ ဖော်ပြချက်တွေ ရှိပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံမှာလည်း စည်းကမ်းမဲ့ မြန်မာနိုင်ငံသားတွေအကြောင်း ဖော်ပြလာနေတာ ဖြစ်ပါတယ်။ စည်းကမ်းမဲ့ မြန်မာတွေရဲ့ လုပ်ရပ်တွေဟာ နယ်မြေရပ်ခြားမှာ ကောင်းကောင်းမွန်မွန် နေထိုင်သူတွေနဲ့ အလည်အပတ် သွားရောက်သူတွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနေတယ်လို့လည်း တုန့်ပြန်ချက်တွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။
